Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နောင်ချို တိမ်ပင််လယ်စခန်း သီတင်းကျွတ် လပြည့်နေ့မှာ ပြန်ဖွင့်မယ်
စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးရွာမှာရှိတဲ့ နောင်ချို တိမ်ပင်လယ်စခန်း တချို့ကို လာမယ့် အောက်တိုဘာလ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့) မှာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ တိမ်ပင်လယ်ကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ Cloudy Villa ပိုင်ရှင်လည်းဖြစ်တဲ့ ဦးပြည့်စုံအောင်က ပြောပါတယ်။
နောင်ချို တိမ်ပင်လယ်စခန်း များစွာ ရှိတဲ့အထဲက အခု ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့မှာတော့ Cloudy Villa , Win Villa နဲ့ တောင်ပေါ်စခန်း စတဲ့ စခန်း သုံးခုကို ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဦးပြည့်စုံအောင်က ပြောပါတယ်။
“ဒီနှစ်ကတော့ ကျွန်တော်သိသလောက် ဆိုရင်တော့ စခန်းသုံးခုပဲ ဖွင့်နိုင်ဦးမယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ စခန်းတွေက ၁၀ ခုလောက်ရှိတာ။ ဒါပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေး အခြေအနေကြောင့်မို့လို့ လောလောဆယ်တော့ သုံးခုပဲဖွင့်ဖို့ ပြင်ဆင်နေတယ်။ တိမ်ပင်လယ်ရဲ့ ရာသီကတော့ နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒေသတွေမှာက သတင်းကျွတ်ပြီးရင် မိုးကုန်တာများတယ်လေ။ ဒီနှစ်မှာကလည်း သတင်းကျွတ်တာ စောတယ်ဆိုတော့ အောက်တိုဘာ ၆ ရက်နေ့ဆို တိမ်ပင်လယ်ကို လာလို့ရပါပြီ” လို့ သူက ပြောပါတယ်။
နောင်ချို တိမ်ပင်လယ်ကို လာရောက်ဖို့ လမ်းခရီးအခြေအနေ အနေနဲ့ ပြင်ဦးလွင် Xray ဂိတ်၊ လွန်းကျော်ဂိတ်တွေကို ဖြတ်သန်းရမှာဖြစ်ပြီး နောင်ချိုမြို့ အဝင်တွေမှာလည်း စာရင်းပေး စစ်ဆေးမှုတွေရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမှာ ဒေသခံတွေလည်း ပြန်လာနေကြပြီ ဖြစ်တဲ့အတွက် လာရှိုးလမ်းမကြီးဟာလည်း အသွားအလာတွေ မပြတ် ရှိနေတယ်လို့ သူက ပြောပါတယ်။
အထူးမှတ်ချက် ပြုချင်တာကတော့ မြို့ဝင်၊ မြို့ထွက်တွေဟာ နောက်ဆုံးအချိန် ညနေ ၆ နာရီအထိသာ ဖြတ်သန်း သွားလာလို့ရတာကြောင့် နောင်ချိုတိမ်ပင်လယ်ကို လာရောက်မယ် ဆိုပါက ပြင်ဦးလွင်ကနေ ညနေ ၄ နာရီ နောက်ဆုံးထား လာစေချင်တယ်လို့ သူက ပြောပါတယ်။
“နောင်ချိုမြို့ကတော့ လုံခြုံရေး အနေအထားကတော့ အေးချမ်းပါတယ်။ အခြေအနေကောင်းတယ်။ လာမယ်ဆိုရင်လည်း ပြဿနာ မရှိဘူး။ ဒီနှစ်အတွက် ခရီးသွားအခြေအနေ ဘယ်လိုရှိမလဲ ဆိုတာက အဓိက ကတော့ ခရီးသွားတွေရဲ့ လာလည်ခြင်း၊ လာမလည်ခြင်းပေါ်မှာပဲ မူတည်ပြီးတော့ တိမ်ပင်လယ် စည်ခြင်း၊ မခြင်းက စကားပြောမှာဆိုတော့ ဒါကတော့ ပြောရခက်ပါတယ်” လို့ သူက ပြောပါတယ်။
နောင်ချို တိမ်ပင်လယ်စခန်းတွေကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စစ်ရေး အခြေအနေတွေကြောင့် နှစ်နှစ်ကြာ ပိတ်ထားခဲ့ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာတော့ နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) က ထိန်းချုပ်ခဲ့တာဖြစ်ပြီး အခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မှာတော့ နလအတပ်တွေက နောင်ချိုမြို့ကို ပြန်လည် သိမ်းယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နလအ အနေနဲ့ နောင်ချိုမြို့ကို ပြန်လည် သိမ်းယူလိုက်ပြီးနောက် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရောက်ရှိလာမယ့် နောင်ချိုတိမ်ပင်လယ် ခရီးသွားရာသီအတွက် တိမ်ပင်လယ်စခန်းတွေကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့ ဇူလိုင်လကတည်းက ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
နောင်ချို တိမ်ပင်လယ်ကို သွားရောက် လည်ပတ်မယ်ဆိုပါက ပြင်ဦးလွင်ကနေ နှစ်နာရီ၊ နောင်ချိုကနေ နာရီဝက်ခရီး ဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တဲ့ နောင်ချို တိမ်ပင်လယ်မှာ အပန်းဖြေစခန်း ၁၀ ခုဝန်းကျင် ဖွင့်လှစ်ထားတာဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင် ကိုဗစ်ကပ်ရောဂါ ကာလမှာလည်း တိမ်ပင်လယ် အပန်းဖြေစခန်းတွေကို ယာယီ ပိတ်ထားခဲ့ဖူးတယ်လို့ သိရပါတယ်။
Photo - Pyae Aung
#သတင်းဟင်းလေးအိုးကြီး

ထားဝယ်ဆိပ်ကမ်း အကောင်းဆုံး ဆောင်ရွက်ပေးမည်ဟု ပြော
စက်တင်ဘာ ၁၉
ထားဝယ်ဆိပ်ကမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ထားဝယ်ဆိပ်ကမ်းနှင့် ပတ်သက်၍လည်း ထားဝယ်မြစ်အတွင်း သင်္ဘောများ ဝင်ထွက်မှု အဆင်ပြေစေရေး မြစ်ကြောင်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ထားဝယ် ဆိပ်ကမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်”ဟု ပြော သည်။
ထို့နောက် ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆက်သွယ်မှု ပိုမိုမြန်ဆန်စေရေး အတွက် ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင် တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုတ်ပြင်း၊ ကော့ သောင်း စသည့် ကျွန်းပတ်လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ် ၁၀ နှစ်အတွင်း စီမံကိန်းကို ပြီးစီးအောင် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြ သည်။
အဆိုပါ စီမံကိန်းအတွင်းမှာ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်သလို နယ်ခြားဝင်ထွက်ဇုန်လည်း ပါဝင်သည်။
ထို ဆက်သွယ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများကို နှစ် ၆၀ သက်တမ်းရှိ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
ထို့နောက် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို စင်္ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား စသည့် နိုင်ငံများက ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားနေကြသည်။
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
#centralnewsnaypyitaw