Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part-2
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
အထက်တန်းစာဝါတွေကိုတော့ ဘုရားကြီးတိုက်၊ အမရပူရကျောင်းကိုပဲ သွားလိုက်ကြတော့ အဲဒီမှာ ဆရာတော်ရဲ့ လက်ထောက်က အခုမဟနဥက္ကဋ္ဌ ဖြစ်နေ တဲ့ ဝဋံသကာဘိဝံသ ဗန်းမော်ဆရာတော် ဦးကုမာရပါ။
အဝိဒူရေနိဒါန်းအရ-
ဆရာတော် ဦးကုမာရကလည်း ကန်မြဲဇောင်းကျမ်းထွက်ပဲဖြစ်သလို ဆရာဂျမ်း (ဦးတင်မိုး) ကျောင်းနေစကတည်းက ပရိတ်ကြီးတစ်ဂါထာကို မုန့်ဖိုးငါးပြား ဆုချပြီး ပရိတ်ကြီး(၁၁)သုတ်လုံးသာမက ပါဠိစာပေနဲ့ အခြေခံနဲ့ပါ ရင်းနှီးအောင် သင်ပြပေး ခဲ့တဲ့ ဆရာဂျမ်းရဲ့ ငယ်ဆရာပါ။ ဒါနဲ့ပဲ ဆရာတူတပည့်စဉ်ဆက်အဖြစ် နှီးနွယ် ဆက်စပ်ပြီး မိမိနဲ့ ဆရာဂျမ်းက စတင်ရင်းနှီးတာပါ။
ဆရာဂျမ်းနဲ့ ဆက်စပ်ပြီးတော့ပဲ မူလကတည်းက စာပေဝါသနာပါတဲ့ မိမိ လည်းပဲ မန္တလေးတက္ကသိုလ် ကလောင်အင်အားစုများဖြစ်ကြတဲ့ ဆရာနိုး၊ ဆရာစွမ်း၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ တက္ကသိုလ်မောင်စောလွင် စသူတို့နဲ့ရော၊ လူထုဇနီးမောင်နှံတို့ဦးဆောင်တဲ့ အထက်ဗမာပြည်စာပေအင်အားစု များနဲ့ပါ ‘တစ်နွယ်ငင်တစ်စဉ်ပါ” ဆက်စပ်မိသွားကြတာပါ။
ဆရာဦးသာနိုးကို ပထမဆုံးသိသိမှတ်မှတ် သတိထားမိတာကတော့-
စာဆိုရာသီ အနောက်ကျုံးလမ်းဓမ္မာရုံမှာပြုလုပ်တဲ့ စာတမ်းဖတ်ပွဲမှာပါ။ အဲဒီအချိန်က အထက်ဗမာပြည်စာရေးဆရာတို့ရဲ့ “စကားပြောဟန်အရေးအသား” လှုပ်ရှားသက်ဝင်လာတဲ့ကာလလည်း ဖြစ်လေတော့ ဆရာနိုးကလည်း-
စာနဲ့စကားမှာ စကားကသာလူတို့ရဲ့ ပထမဆုံးအသိပေးသင်္ကေတဖြစ်ကြောင်း၊ နောက်မှ စကားကို စာလုံးသင်္ကေတအက္ခရာများနဲ့ ရေးသားလာကြတော့ ‘စာ’ရယ်လို့ ဖြစ်လာကြောင်း၊ ပိဋကတ်စာပေဆိုတာလည်း မူလက မြတ်စွာဘုရား ပြောဟောခဲ့တဲ့ စကားများသာဖြစ်ပြီး နောက်မှ အက္ခရာများနဲ့ ပြောင်းလဲ မှတ်တမ်းတင်လာကြလို့ 'ပိဋကတ်စာပေ’ရယ်လို့ ဖြစ်လာကြောင်း၊ ဒါကြောင့်-အခြေခံလူတန်းစားများပ နားလည်လွယ်စေရေးအတွက် စကားပြောဟန်နဲ့ ရေးသားဖို့ အားထုတ်ရတာဖြစ်ကြောင်း နိဒါန်းစကားခံပြီး သူ့စာတမ်းကို ဖတ်ကြားပါတယ်။
#ဆက်ရန်ရှိ