Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"သစ်ပင်များကို အစာကျွေးခြင်း"
အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။
၁။ အမျိုးအစားမှန်
၂။ အချိန်မှန်
၃။ ပမာဏမှန်
၄။ နေရာမှန် ဟူ၍ဖြစ်သည်။
၁။ အမျိုးအစားမှန်
သီးနှံအမျိုးအစား၊ အပင်၏ ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ် လိုအပ်ချိန်တွင် အချိန် ကိုက်၊ ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။
၂။ အချိန်မှန်
အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှ အစ အစာကျွေးခြင်း၊ ကာကွယ် ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖြန်းခြင်းတို့ပါ အပါအ၀င် ဖြစ် သည်။ ယေဘုယျအားဖြင့် အပင်ကြီးများအတွက် မြေသြဇာကို တနှစ်လျှင် မိုးဦး၊ မိုနှောင်းကာလများတွင် အနဲဆုံး ၂ကြိမ် ကျွေးရမည်။ ရေလောင်းချိန်ကို နွေရာသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်း ရာသီတွင် မနက် ၈-၁၁နာရီ အတွင်း၊ ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။ နွေရာသီ၌ အပင်များလွန်းလျှင် မနက်ခင်းမနိုင်ပါက ညနေ နေအေးချိန်မှာ လောင်းနိုင်သည်။ ထို့နည်းတူ သီးနှံပင်၊ နှစ်ရှည်ပင်အမျိုးအစားပေါ်မူတည်၍ မည်သည့်အချိန်တွင် မည့်သည့်ပိုး၊ မည့်သည့်မှိုကျရောက်တတ်သည်ကို ရှေးဦးစွာ သိထားနှင့်ပြီး ၎င်းတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးများကြိုတင်ဖြန်းပေးသင့် သည်။ တချို့လဲ ဖြစ်သည့်အချိန်တွင် သိသိချင်း နှိမ်နင်းရသည်လည်း ရှိတတ်သည်။
၃။ ပမာဏမှန်
အပင်ငယ်နှင့် အပင်ကြီး အစာ မည်သည်က ပိုစားမည်နည်း။ တကယ်တမ်း အပင်ငယ်တို့သည် အပင်ကြီးများနှင့် အရွယ်အစား ချင်းနှိုင်းစာလျှင် ပို၍ စားသုံးတတ်ကြသည်။ အပင်ကြီးများမှာ ဖူးပွင့်ချိန်၊ အသီးသီးချိန်တို့တွင်သာလိုအပ်သော ဓာတ်ကိုသာ ကျွေး
ရမည်။ ကျန်အချိန်များတွင် အပင်ကြီးထွားရန်အတွက်မူကား အပင်သေးများလောက် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် မြေကြီးထဲရှိ အဟာရဓာတ်များကို စွဲယူနိုင်သော အမြစ်များပိုမိုလာ၍ ဖြစ်သည်။ အပင်များ အစာကျွေးရာ၌ စိုက်ပျိုးရေး လောကတွင် ကြုံတတ်သည့် အမှားတခုမှာ ပမာဏလျှော့
ကျွေးခြင်းထက် ပိုကျွေးမိခြင်းက ပို၍အန္တရာယ်ကြီးပေသည်။
၄။ နေရာမှန်
အထက်ပါအချက်များနည်းတူ နေရာမှန်မှန် ကျွေးနိုင်ခြင်းသည်လည်း အပင်အတွက်အလွန်အရေးပါလှသည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးများ (နှစ်ရှည်ပင်များ) အတွက် အစာကျွေးခြင်းမှာ အစာအမြစ်ရှိသည့်နေရာကို ကျွေးခြင်းဖြစ်သည်။ သို့သော် မြေဆီလွှာ အတွင်း အမြစ်များ ပျံ့နှံ့ပုံအနေ အထားမှာ (နှစ်ရှည်ပင်များအတွက်) မြေပေါ်ကိုင်းများ ဖြန့်ထွက်သလောက် အမြစ်များလည်း ဖြန့်ထွက် တည်ရှိနေသည်။ အပင်၏ ဘေးဆုံးအရွက်ဖျား တံစက်မြိတ်အထိ အမြစ်များ တည်ရှိသည်။ ဆိုလိုသည်မှာ မွန်းတည့် ၁၂နာရီ နေရောင် အပေါ်တည့်တည့်ရှိချိန် အရိပ်ကျသည့်နေရာတ၀ိုက်အထိ အမြစ်များရှိသည်။ ထိုအရိပ်ပြင်တခုလုံးကို အချင်း ၉ပေရှိ စက်၀ိုင်းသဏ္ဌာန် မြင်ကြည့်ပါ။ ပင်စည်အလယ်မှ ၁ ပေခွဲအကွာပတ်လည် (အချင်း ၃ပေရှိသော အပင်ခြေမှ စက်၀ိုင်း) အတွင်း အစာများမကျွေးရပါ။ ပင်စည်နှင့် ကပ်သဖြင့် အကယ်၍ မြေသြဇာပြင်းပါက အပင်အတွက် အန္တရာယ်ပင် ဖြစ်စေနိုင်ပါသည်။