Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ခွေးကလေး လိုင်ကာ(Laika)
အာကာသသမိုင်းမှာတော့ နာမည်အကျော်ကြားဆုံး၊ လူသိအများဆုံး အကောင်လေးကတော့ ဆိုဗီယက်နိုင်ငံက အာကာသခွေးမလေး လိုင်ကာပဲ ဖြစ်ပါတယ်။ Laika ဟာ ၁၉၅၇ ခုနှစ်မှာ လူသားတွေထက် အရင် ပထမဆုံး ကမ္ဘာကို တစ်ပတ်ပြည့်အောင် ပတ်ခဲ့ပါတယ်။
စိတ်မကောင်းစွာနဲ့ Laika ဟာ ကမ္ဘာမြေဆီကို ပြန်မလာနိုင်ခဲ့ပါဘူး။ ဆိုဗီယက်အစိုးရက Laika ဟာ အာကာသထဲ ၇ရက်အထိ အသက်ရှင်ခဲ့တယ်လို့ ဆိုခဲ့ပေမဲ့၊ တကယ်တမ်းမှာတော့ Laika ဟာ အာကာသထဲရောက်ပြီး ငါးနာရီအကြာမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ပြင်သစ်ကြောင်ကလေး
၁၉၆၃ ခုနှစ်မှာ ပြင်သစ်အခြေစိုက် CERMA အာကာသ သုတေသနအဖွဲ့က 'Felicette' လို့ အမည်ပေးထားတဲ့ ကြောင်မလေးကို အာကာသထဲ လွှတ်ခဲ့ပါတယ်။ G-Force အပါအဝင် များစွာသော လေ့ကျင့်မှုအမျိုးမျိုးကို လုပ်စေခဲ့ပါတယ်။ Felicette ရဲ့ အာကာသခရီးဟာ မြေပြင်အထက် ကီလိုမီတာ ၁၅၀ကျော်ထိ ရောက်ခဲ့ပါတယ်။
အာကာသကြောင်လေးဟာ ကမ္ဘာမြေပေါ်ကို ဘေးကင်းစွာနဲ့ပဲ ပြန်ရောက်လာခဲ့ပြီး အာကာသရဲ့ အချက်အလက်တွေကိုပါ သယ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် အာကာသထဲ ရောက်နေတဲ့အချိန် အကောင်လေးတွေ ဘယ်လို ခံစားနေကြရလဲ ဆိုတဲ့ အချက်အလက်တွေကိုပါ သိနိုင်ခဲ့ပြီး Felicette ကိုလဲ အာကာသစူးစမ်းရှာဖွေမှုသမိုင်းမှာ ဂုဏ်ပြုပေးခဲ့ပါတယ်။
၁၉၆၁ ခုနှစ်၊ အာကာသချန်ပန်ဇီလေး Ham က ဇန်နဝါရီလမှာ ခရီးနှင်ပြီး ၃လအကြာ၊ ဧပြီလမှာ ယူရီ ဂါဂါရင်က အာကာသထဲ ပထမဆုံး ရောက်ခဲ့တဲ့ လူသားဖြစ်ပါတယ်။ လပေါ်ကိုရောက်ခဲ့တာ အမေရိကန် နိုင်ငံသား Neil Armstrong ဖြစ်ပေမယ့် အာကာသထဲကို အရင်ဆုံးရောက်ရှိတဲ့လူသားဟာ ဆိုဗီယက်နိုင်ငံ သား ဂါဂါရင်ဖြစ်ပါတယ်
လူသားတွေဟာ စကြဝဠာကို ဆက်လေ့လာနေတယ်၊ အာကာသကို ခြေဆန့်နေကြတယ် ဆိုပေမဲ့လဲ အာကာသခရီးရှည်ကြီးကို အာကာသခရီးသွား တိရိစ္ဆာန်လေးတွေကပဲ ပထမဆုံး မော်ကွန်းရေးထိုးနိုင်ခဲ့တာပါ။
ယင်ကောင်လေးများ
အာကာသထဲကို ပထမဆုံးအနေနဲ့ ရောက်ရှိခဲ့တဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ အမေရိကန် အာကာသသိပ္ပံပညာရှင်တွေက ကောစမစ်ရောင်ခြည်(Cosmic ray) တွေဟာ လူသားတွေကို ထိခိုက်နိုင်မှု ရှိ၊ မရှိကို သိလိုတဲ့အတွက် လူသားတွေနဲ့ မျိုးဗီဇတည်ဆောက်ပုံချင်း ဆင်တူတဲ့ ယင်ကောင်လေးတွေကို ၁၉၄၇ ခုနှစ်မှာ အာကာသထဲ လွှတ်ခဲ့တာပါ။
ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာတဲ့အချိန် ယင်ကောင်လေးတွေကို ထည့်ထားတဲ့ ပြွန်ချောင်းဟာ အကောင်းအတိုင်းရှိနေပြီး အထဲက ယင်ကောင်လေးတွေမှာလဲ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။
ဒီအာကာသယင်ကောင်လေးတွေကြောင့် လူသားတွေအပေါ် ကောစမစ်ရောင်ခြည်တွေရဲ့ သက်ရောက်မှုအနည်းအများကို တိုင်းဆနိုင်ခဲ့ပါတယ်။
မျောက်နှင့် လူဝံလေးများ
အဲလ်ဘတ်(Albert II) လို့ အမည်ပေးထားတဲ့ မျောက်လေးကတော့ အာကာသထဲ ပထမဆုံးအနေနဲ့ ရောက်ခဲ့တဲ့ နို့တိုက်သတ္တဝါ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ အာကာသထဲ လွှတ်တင်ခဲ့ပြီး မြေပြင်အထက် ကီလိုမီတာ ၁၃၀ ကျော်ကျော်အထိ ရောက်ခဲ့ပါတယ်။ အဲလ်ဘတ်ဟာ ကမ္ဘာမြေဆီကို ပြန်လာတဲ့ လမ်းမှာ လေထီးအမှားအယွင်းရှိနေခဲ့တဲ့အတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ပထမဆုံးလူသား အာကာသထဲကို ရောက်ခဲ့တဲ့ ၁၉၆၁ ခုနှစ်မှာပဲ ဟန်မ် - Ham လို့ အမည်ရတဲ့ ချန်ပန်ဇီလေးက အာကာသထဲကို အရင် ရောက်ခဲ့ပါတယ်။ Ham ဟာ ကမ္ဘာမြေပေါ်ကို ဘေးကင်းကင်းနဲ့ ပြန်လည်ရောက်ရှိခဲ့ပြီး ၁၉၈၃ ခုနှစ်အထိ နေထိုင်သွားခဲ့တယ်လို့ သိရပါတယ်။
ဝဲဘက် - အာကာသထဲ ပထမဆုံးရောက်ခဲ့တဲ့ နို့တိုက်သတ္တဝါ အာကာသမျောက်လေး အဲလ်ဘတ်
ယာဘက် - အာကာသချန်ပန်ဇီလေး Ham