◾️နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးသဘောတူညီချက် ဗြိတိန်နှင့်အမေရိကန်ချုပ်ဆိုမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ယခုသီတင်းပတ် ဗြိတိန်သို့ ခရီးစဉ်တွင် ဗြိတိန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးရန် ပူးတွဲလုပ်ဆောင်မည့် သဘောတူညီချက်တစ်ရပ်ကိုနှစ်နိုင်ငံ လက်မှတ်ရေးထိုးကြမည် ဖြစ်ပြီး နျူစွမ်းအင်စက်ရုံသစ်များအတွက် ရင်းနှီးမြုပ်နှံမှုများ ရှာဖွေရာတွင်လည်း အထောက်အကူဖြစ်မည်ဟု ဗြိတိန်အစိုးရက ကြေညာသည်။
အင်္ဂါနေ့တွင် စတင်မည့် သမ္မတထရန့်၏ နှစ်ရက်ကြာခရီးစဉ်အတွင်း အဆင့် မြင့်နျူကလီးယားစွမ်းအင်အတ္တလန်တစ်ပူးပေါင်းဆောင်ရွက်မှု (Atlantic Partnership for Advanced Nuclear Energy) ကို လက်မှတ်ရေးထိုးသွားမည်ဟု ဗြိတိန်အစိုးရက ပြောသည်။
ဗြိတိန်နှင့်အမေရိကန်တို့၏ အထင်ကရလက်တွဲဆောင်ရွက်မှုသည် မိမိတို့အိမ်များအတွက် ဓာတ် အားပေးခြင်းသာမကဘဲ နိုင်ငံ၏ လူ့အသိုက်အဝန်း၊ စီးပွားရေး နှင့် ရည်မှန်းချက်များကိုပါ အား ဖြည့်ပေးခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ပြန်ပြောကြားသည်။
ယင်း သဘောတူညီချက်ဖြင့် ဗြိတိန်၏ နျူကလီးယားရွှေခေတ်ကို လမ်းခင်းပေးလိမ့်မည်ဟုလည်း စတာမာက ဆိုသည်။
ဗြိတိန်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အမေရိကန်က ဆန်းသစ်လာသော နျူးကလီးယားခေတ်တစ်ခုဆီ ဝင်ရောက်နေခြင်းဖြစ်ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ်ရိုက်ကလည်း ပြောကြားသည်။
သဘောတူညီချက်ကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးအတွက် လိုင်စင်ရရှိရန် ကြာမြင့်ချိန်ကို လက်ရှိ လေးနှစ်မှ နှစ်နှစ်အထိ လျော့ကျသွားစေလိမ့်မည်ဟု ဗြိတိန်စွမ်းအင်ဖူလုံရေးဝန်ကြီးဌာနက ပြောကြားသည်။
ယမန်နေ့တွင် စီးပွားဖြစ်စီမံကိန်းများ ကြေညာရာတွင် အမေရိကန် နျူဓါတ်ပေါင်းဖို ကုမ္ပဏီ X-energy နှင့် ဗြိတိန်မှ Centrica ကုမ္ပဏီတို့ကြား က အဆင့်မြင့်အသင့်တပ်ဆင်ဓာတ်ပေါင်းဖို(SMR) ၁၂ လုံး တည်ဆောက်မည့် စီမံကိန်းလည်း ပါဝင်သည်။
အဆိုပါ အသေးစား အဆင့်မြင့်ဓာတ်ပေါင်းဖိုများအား နယူးကာဆယ်မြို့တောင်ဖက် ဟာတဲလ်ပူးလ် ဆိပ်ကမ်းမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပေါင်းဖိုများပူးတွဲဆောက်လုပ်ရေးသဘောတူညီချက်သည် ပထမအဆင့်သာ ရှိသေးကြောင်းနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စုစုပေါင်းတန်ဖိုးသည် အနည်းဆုံးအမေရိကန်ဒေါ်လာ ၅၄ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းကြောင်း X-Energy က ထုတ်ပြန်ပြောကြားသည်။
မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်နျူကလီးယားစွမ်းအင်နည်းပညာ ဖြန့်ဖြူးရေးတွင် ခိုင်မာရဲတင်းသောခြေလှမ်းဖြစ်ပြီး သန့်ရှင်းသောစွမ်းအင်လုပ်ငန်းအတွက်လည်း အလွန်အရေးပါကြောင်း အမေရိကန်ကုမ္ပဏီ Centrica ၏ အမှုဆောင်အရာရှိချုပ် ခရစ်အိုရှေးကလည်း ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-UPI
#နိုင်ငံတကာသတင်း
