Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၁ သန်း ထပ်မံရောင်းချပေး၍ ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်း
ဖေဖော်ဝါရီ ၁၁
ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၁ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ပြီး ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့၍ တစ်လအတွင်း ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၂၅၀ မှ ၃၀၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင် မြင့်တက်လာမှုများရှိခဲ့သည်။
ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ဒေါ်လာသန်း ၂၀ ဖြင့် နှစ်ကြိမ်ရောင်းချပေးခဲ့သလို ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ၂၃ သန်းနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒေါ်လာ ၂၁ သန်းဖြင့် ၂၀၂၅ ခုနှစ် တစ်လကျော်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၈၉ သန်းအထိ ထုတ်ရောင်းပေးခဲ့သည်။
ယင်းကဲ့သို့ ဒေါ်လာများ ဆက်တိုက်ရောင်းခဲ့ပေးခဲ့၍ ဇန်နဝါရီလအတွင်း မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယနေ့တွင် ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၄၀ ဝန်းကျင် ပြန်လည်ကျဆင်းလာခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၁ သန်း၊ ဒေါ်လာ ၈၂,၀၀၀ ကျော်နှင့် တရုတ်ယွမ် ၂၂၁၀,၀၀၀ ကျော်ကိုလည်း ဗဟိုဘဏ်မှ ရောင်းချပေးခဲ့၍ ဖေဖော်ဝါရီလ ၃ ရက်မှ ၁၀ ရက်အထိ တစ်ပတ်ကျော်အတွင်း ဒေါ်လာ ၄၆ ဒသမ ၇၂၂ သန်း၊ တရုတ်ယွမ် ၂ ဒသမ ၁၄၁ သန်းနှင့် ထိုင်းဘတ် ၁ ဒသမ ၀၂ သန်း ထုတ်ရောင်းပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီဈေးကွက်အတွင်း ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃,၁၆၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၂၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၇၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၃၇၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
#သတင်းဟင်းလေးအိုးကြီး