Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ မိုးကြိုကာလတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန်
မိုးကြိုကာလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့်မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သောကြောင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မိုးကြိုကာလဖြစ်သည့် ယခုမေလတွင်မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲနှင့်ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့် လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။
လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှမိုင် ၅၀ အထိတိုက်ခတ်နိုင်၍ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးထားသည်။
ထို့ပြင် မေလ ၁ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရသည်။
အဆိုပါရက်များအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ခြောက်ရက်မှ ရှစ်ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် သုံးရက်မှငါးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - Ko Thar Pu Kalaw
(ယခုနှစ်ဧပြီလ ၂၇ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်ရှိ မြင်းကရွာ၌ မိုးသီးကြွေကျ ခဲ့စဉ်)
#ပြည်တွင်းသတင်း
◼ ဖျာပုံ၌ပျောက်ဆုံးနေသည့်အမျိုးသမီးတစ်ဦးကို အရိုးစုအနေဖြင့်ပြန်တွေ့
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၌ လွန်ခဲ့သည့် နှစ်လခန့်ကပျောက်ဆုံးနေသည့် အသက် (၂၃)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို သေဆုံးလျက်ပြန်တွေ့ရပြီး ခန္ဓာကိုယ်မှာအရိုးစုသာကျန်ရှိကြောင်းကရုဏာရှင်လူမှုကူညီရေးအသင်း (ဖျာပုံ)ထံမှသိရသည်။
သေဆုံးသူမှာ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာတွင်နေထိုင်သည့် မဖူးဖူးရွှေစင်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၁ ရက်တွင် နေအိမ်မှဆိုင်ကယ်ဖြင့် ထွက်ခွာပြီးနောက်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၉ ရက်တွင် ၎င်း၏ရုပ်အလောင်းအား ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနှင့် သကံဂွကြီးကျေးရွာကြား ဖျာပုံ ဘိုကလေးကားလမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်းကရုဏာရှင်လူမှု့ကူညီရေးအသင်း (ဖျာပုံ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"ရုပ်ကတော့ပျက်နေပြီ။အရိုးတွေဆွေးပြီး အံကပ်တွေပါပြုတ်ကျနေပြီ။ဆံပင်ကျန်တယ်။ခြေသည်းလက်သည်းတွေကျွတ်ထွက်နေတယ်။သူကနွံထဲကျနေတော့ ပလတ်စတစ်ခင်းပြီးဆွဲတင်ခဲ့ရတယ်။ကားလမ်းဘေးဆိုပေမယ့် ရေတက်ရင်မြုပ်တဲ့အနေအထားပေါ့။ ၉ ပေ ၁၀ ပေလောက်နက်တယ်။အပြင်ဘက်မှာကိုင်းတောတွေမိုးထားပြီး အပြင်ကကြည့်ရင်မမြင်နိုင်တဲ့နေရာမျိုး။လူပြတ်လပ်တဲ့နေရာပါ။လက်မှာ ဟန်းချိန်းတွေ့လို့မိသားစုဝင်တွေကသူမှန်းအတည်ပြုပေးတာပါ"ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ် သို့ပြောသည်။
သေဆုံးသူ ဖူးဖူးရွှေစင်၏ ဆိုင်ကယ်တစ်စီး၊ I phone တစ်လုံး၊ ရွှေထည်ပစ္စည်းများပျောက်ဆုံးနေပြီး အင်္ကျီလက်ရှည်ဝတ်ဆင်ထားခြင်းကြောင့်လက်ကောက်ဝတ်တွင်ဟန်းချိန်း ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ (မေ ၁ ရက်)မွန်းတည့် ၁၂ နာရီတွင် ဖျာပုံမြို့ရှိ ကျုံတာသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။
သတင်း-နေသစ်ဦး
ဓာတ်ပုံ- Center for Missing & Omitted Children of Myanmar
#နိုင်ငံတကာသတင်း
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့ဇ်အစိုးရ အဖွဲ့မှနုတ်ထွက်မည်
ယီမင်နိုင်ငံ၌လေကြောင်းတိုက်ခိုက်မှုအစီအစဉ်များအားနိုင်ငံထိပ်တန်းလုံ ခြုံရေးအရာရှိများကြားတွင်ဆွေးနွေးနေသည့်ချက်ဂရုထဲသို့သတင်းသမားတစ်ဦးကိုမတော်တဆထည့်သွင်းခဲ့ပြီးနောက်ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဆက် တိုက်ဝေဖန်မှုများကြားတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကအိမ်ဖြူတော်ရာထူးမှ နုတ်ထွက်ရန်စီစဉ်ထားကြောင်း USA Today သတင်းအရသိရသည်။
၎င်းအပြင်လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေးအဲလက်စ်ဝေါင်လည်းနုတ်ထွက်မည်ဖြစ်ကြောင်းအဆိုပါအ ခြေအနေနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကယနေ့(မေ ၁ ရက်)တွင် အတည်ပြုပြောကြားသည်။
အစောပိုင်းတွင်မည်သူမဆိုအသုံးပြုနိုင်သော Signal အက်ပလီကေးရှင်းတွင် မည်သည့်စစ်ပွဲအစီအစဉ်ကိုမျှ မျှဝေခြင်းမရှိကြောင်း ၎င်း၏အမျိုးသားလုံခြုံရေးအကြံပေးနှင့် အ ခြားချက်ဂရုအဖွဲ့ဝင်များက အပြင်းအထန် ငြင်းဆိုပြီးနောက် သမ္မတထရန့်ကဝေါ့ဇ်ဘက်မှ လူသိရှင်ကြား ရပ်တည်ခဲ့သည်။
အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့ဇ်က ၎င်းအား Signal ဂရုအတွင်း မထင်မှတ်ဘဲထည့်သွင်းခဲ့မှုကို အ သေးစိတ်ဖော်ပြသည့်ဇာတ်ကြောင်းကို The Atlantic မဂ္ဂဇင်း အယ်ဒီတာချုပ်ဂျက်ဖရီဂိုးလ်ဘတ်ကဖွင့်ချခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ကွယ်တွင်"Signalgate" ဟုထရန့်ကစတင်ရည် ညွှန်းသုံးစွဲသည့်အရှက်ရဖွယ်ပေါက်ကြားမှုနှင့်ပတ်သက်၍ - ဖလော်ရီဒါမှရီပတ်ဘလီကန်အမတ်ဟောင်းဝေါ့ဇ်နှင့် ထရန့်အကြားဆက်ဆံရေးကိုထိခိုက်စေခဲ့သည်။
အဆိုပါအရှက်ရဖွယ် အမှားအတွက်အပြည့်အဝတာဝန်ယူကြောင်း ဝေါ့ဇ်က Atlantic ကသတင်းဖော်ပြသည့် ကနဦး နေ့တွင် ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးပိဟက်ဆက်ဂ်၊ အမျိုးသားထောက် လှမ်းရေးအကြီးအကဲတူလ်ဆီဂက်ဘက်ဘ် နှင့် ဒုတိယသမ္မ တ ဂျေဒီဗန့်စ် တို့ပါဝင်သည့် ကုတ်ဝှက်ထားသော Signal ချက်ဂရုထဲသို့အယ်ဒီတာချုပ်ဂိုးလ်ဘတ် ကိုဝေါ့ဇ်က အချိန်အတော်ကြာ မှားယွင်း ထည့်သွင်းထားခဲ့သည်။
ယီမင်ရှိ ဟူသီစစ်သွေးကြွများအား တိုက်ခိုက်မှုပြုလုပ်မည့် စစ်ရေးအစီအစဥ်များကို အဖွဲ့ထဲမှတာဝန်ရှိသူများက ဆွေး နွေးခဲ့ကြပြီးဂိုးလ်ဘတ်၏ဆောင်းပါးတွင်ဖော်ပြထားသည့်အတိုင်းအမေရိကန်လေယာဉ်များနှင့် ဒရုန်းများ၏ တိုက် ခိုက်မည့်အချိန် အသေးစိတ်အချက်အလက်များကို ကာ ကွယ်ရေးဝန်ကြီးဟက်ဆက်ဂ်က ပေးပို့ခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- USA Today