Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂျပန်တောင်ပိုင်းမှာ နှစ်ပတ်အတွင်း ငလျင်အကြိမ်ရေ ၉၀၀ ကျော်လှုပ်လို့ ဒေသခံတွေ ထိတ်လန့်တုန်လှုပ်နေ
တိုကျို၊ ဇူလိုင်-၃-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်နိုင်ငံတောင်ပိုင်း ဝေးလံခေါင်သီပြီး လူဦးရေကျဲပါးတဲ့ ကျွန်းစုတခုမှာ နှစ်ပတ်အတွင်း ငလျင်အကြိမ်ရေ ၉၀၀ ကျော်လှုပ်ခတ်မှုကြောင့် ဒေသခံတွေဟာ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။
ဇွန် ၂၁ ရက်ကစပြီး တိုကာယာကျွန်းစုတဝိုက် ပင်လယ်ပြင်မှာ ရစ်ချ်တာစကေး ၅ ဒဿမ ၅ အဆင့်ရှိ ငလျင်အပါအဝင် ငလျင်လှုပ်ခတ်မှု အကြိမ်ရေမြင့်မားလာတဲ့အပေါ် အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဆူနာမီဖြစ်ပေါ်ခြင်းမရှိသေးပေမယ့် လိုအပ်ပါက ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ “ အိပ်ပျော်သွားမှာတောင် ကြောက်နေတယ်။ ငလျင်က အမြဲတမ်း လှုပ်နေသလိုပဲ ”လို့ ဒေသခံတယောက်က ပြောပါတယ်။
အထူးသဖြင့် ညဘက်တွေမှာ ငလျင်မလှုပ်ခင် သမုဒ္ဒရာထဲက ထူးဆန်းတဲ့ အသံတွေပါ ကြားရတယ်လို့ ပင်လယ်ကမ်းစပ်မှာနေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားကပြောပါတယ်။ လူတိုင်း စိုးရိမ်မှုတွေနဲ့အတူ နွမ်းနယ်နေကြပြီလို့ သူက ဆိုပါတယ်။
တိုကာရာဒေသမှာ ယခင်ကလည်း ငလျင်အကြိမ်ရေအများအပြား လှု်ပခတ်ခဲ့ဖူးပေမယ့် လက်ရှိငလျင်လှုပ်ခတ်တဲ့ အကြိမ်ရေဟာ ယခင်နဲ့မတူဘဲ ပုံမှန်မဟုတ်ဘူးလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှု အများဆုံးနိုင်ငံတနို်ငငံဖြစ်ပါတယ်။
ပစိဖိတ်ငလျင်ကြောပေါ်မှာ တည်ရှိတဲ့ ဂျပန်နိုင်ငံဟာ နှစ်စဉ် ငလျင်ပေါင်း ၁၅၀၀ ကို ကြုံတွေ့ရလေ့ရှိပါတယ်။ တိုကာယာကျွန်းစုမှာ ကျွန်းပေါင်း ၁၂ ကျွန်းရှိပြီး ခုနှစ်ကျွန်းမှာတော့ လူ ၇၀၀ နေထိုင်ကြပါတယ်။ ဆေးရုံဆေးခန်း ရှားပါးပြီး အနီးဆုံးကတော့ ခြောက်နာရီကြာ သွားရတဲ့ စီရင်စုမြို့တော် ကာ ဂိုရှီးမားက အနီးဆုံးဖြစ်ပါတယ်။
Ref:BBC
အာဇာနည်နေ့ အခမ်းအနားကို ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးလာ
ဇူလိုင် ၃ - ၂၀၂၅
SS (VOM)
အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ နေရာတွေကို သွားရောက် ဂါဝရပြုဖို့ ပြည်သူလူထုအနေနဲ့ စိတ်ဝင်စားမှု နည်းပါးလာတယ်လို့ စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ နစက က လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) နဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တို့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြည်သူတယောက်က “အရင်တုန်းကတော့ အဲဒီနေ့ ရောက်ရင် ဗိုလ်ချုပ် ကျဆုံးခဲ့တဲ့ နေရာ၊ နေခဲ့တဲ့ အိမ်တွေ၊ ဗိမာန်တွေကို မပျက်မကွက် သွားခဲ့တာ။ မိုးရွာနေလည်း အသွားမပျက်ဘူး။ အခု နောက်ပိုင်းတော့ မသွားဖြစ်တာတောင် အတော်ကြာပြီ။ သွားချင်စိတ်လည်း မရှိတော့ဘူးလေ။ ကန့်သတ်ချက်တွေကလည်း များလာတော့ စိုးရိမ်စိတ်ဝင်တာလည်း ပါတာပေါ့။ ဒီနှစ်လည်း ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အချိန်ကို အိမ်ကနေပဲ အလေးပြုဖို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။
အခုနှစ်မှာလည်း နစက က အဆိုပါ အခမ်းအနား ကျင်းပရာ နေရာတွေကို သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါ ရှိသူတွေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စတဲ့ ရောဂါလက္ခဏာ ဖြစ်ပွားနေသူတွေ လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုဖို့ မနေ့ ဇူလိုင် ၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေကတဆင့် အသိပေး ကြေညာထားပါတယ်။
“သက်ကြီးရွယ်တွေ မပြောနဲ့ ကျွန်တော်တို့လို လူငယ်တွေတောင် မသွားချင်တော့ဘူး။ အဓိပ္ပာယ် မရှိဘူးလို့လည်း ယူဆတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ စိတ်ထဲ၊ အသွေးအသားထဲမှာတော့ နက်ရှိုင်းတဲ့ ခံစားချက် ရှိပါတယ်။ ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်တွေ အဲဒီလိုဖြစ်သွားတဲ့ နေ့ကို အသိအမှတ်ပြုတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်း အခမ်းအနားတွေက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် နစကအနေနဲ့ အာဇာနည်နေ့ အခမ်းအနား လာရောက်သူတွေ ယူဆောင်ခွင့် မရှိတဲ့ ပစ္စည်း ၁၀ မျိုးကိုလည်း သတ်မှတ်ထားသလို Drone တွေကိုလည်း ယူဆောင်ခြင်း၊ လွှတ်တင်ခြင်းမပြုဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ယူဆောင်ခွင့် မရှိတဲ့ ပစ္စည်းတွေကတော့ ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်း အမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ် အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်း အမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာမှာ အသုံးပြုတဲ့ တုတ်နဲ့ ကော်ပိုက်/ သံပိုက်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီအခမ်းအနားနဲ့ ပတ်သက်လို့ စည်းကမ်းချက်တွေကလည်း အရမ်းများလာတယ်။ သွားပြန်ရင်လည်း အစစ်အဆေး၊ အမေးအမြန်းတွေနဲ့ ကြုံရဦးမှာဆိုတော့ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ အဲဒီတော့ သွားချင်စိတ်ကို မရှိတော့တာ” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
နစက က အာဇာနည်နေ့ အခမ်းအနား လာရောက်မယ့်သူတွေကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လင့်ခ်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနဲ့ အနော်ရထာလမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ နတ်မောက်လမ်းနဲ့ ဗိုလ်ချုပ်ပြတိုက် လမ်းဆုံတို့မှာ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေညာထားတာပါ။
အဲဒီလို စစ်ဆေးတာမှာ Body Search ပြုလုပ်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေကိုလည်း ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခမ်းအနားနဲ့ ပတ်သက်လို့ နောက်ထပ် ပြည်သူတယောက်က “တခုက အဲဒီ အာဇာနည်နေ့ပွဲကို တို့ လွတ်လပ်ရေးခေါင်းဆောင်တွေကို ပြီးပြီးရော အမေ့ခံအဖြစ်နဲ့ မဖြစ်စေချင်လို့ သွားချင်တယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားမှုကတော့ တကယ့် အမှန်အကန်ကို လျော့နေပြီ။ အဲဒီလို နေ့တွေနဲ့ပတ်သက်ပြီး တက်ကြွနေတာ မရှိဘူး။ တချို့ကျ အဲဒီနေ့ အပြင်သွားရင် မလုံခြုံဘူးဆိုပြီး မသွားတာကတဝက်မို့။ ကိုယ်တွေကတော့ ရှင်းတယ်။ ဘယ်မှကိုမသွားချင်တော့တာ” လို့ ပြောပါတယ်။
နစကအနေနဲ့ အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့ လာရောက်မယ့်သူတွေကို အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စတာတွေကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းနိုင် ကြေညာထားတာပါ။
နိုင်ငံသားစိစစ်ရေးကတ် (ဒါမှမဟုတ်) ဝန်ထမ်းကတ် (ဒါမှမဟုတ်) ကျောင်းသားကတ် (ဒါမှမဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်တဲ့ အသိအမှတ်ပြု ကတ်ပြားတွေကိုပါ ယူဆောင်လာရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် လာရောက်မယ့် သူတွေအနေနဲ့ နှာခေါင်းစည်း (Mask) တွေ မပျက်မကွက် စနစ်တကျ တပ်ဆင်ဖို့၊ သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ စနစ်တကျ လက်ဆေးခြင်းနဲ့ အသင့်စီစဉ်ပေးထားတဲ့ Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ဖို့ အသိပေးထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ Social/Physical Distancing နဲ့ အညီ ရှေ့နောက်၊ ဘေးတိုက် အကွာအဝေးတွေကို ၆ ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ဖို့နဲ့ နေရာတွေအလိုက် တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာတွေ စစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာရဲ့ အကြံပြုချက်အတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
Photo - CJ