Part-1
မြောက်ဦးခေတ် ဘဏ္ဍာရေး စနစ် နှင့် ကုန်သွယ်ရေး(အပိုင်း-၁)
မြောက်ဦးခေတ် (၁၅)ရာစုမှ (၁၇) ရာစုအတွင်း ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်တစ်လျောက်၌ တင့်တင်းသော ရေတပ်တော်ရှိခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့သလို ဓနဥစ္စာကြွယ်ဝသောတိုင်းပြည်လည်းဖြစ်ခဲ့သည်။ ယင်းအပြင် သွင်းကုန်ထုတ်ကုန် သယံဇာတပစ္စည်းပေါများသော တိုင်းပြည်တစ်ခုလည်း ဖြစ်ခဲ့သည်ကို ယင်းခေတ်ယင်းအခါ ရောက်ခဲ့ကြသော နိုင်ငံရေး၊ ကုန်သွယ်ရေ၊ စစ်ရေး၊ သာသနာကိစ္စများနှင့် ရောက် လာခဲ့ကြသည့် နိုင်ငံခြားသား မှတ်တမ်းများက ဖော်ပြနေကြသည်။
မြောက်ဦးခေတ်တွင် ရခိုင်ပြည်မှ ဆန်စပါး၊ ဆေးရွက်၊ဝါဂွမ်း၊ လဘက်၊ ကြက်သွန်၊ ငရုပ်၊ မဲနယ်၊ ရှားစေး၊ ကွမ်းသီးတို့နှင့် သက်ရှိတိရစ္ဆာန် တို့ကို ဘုရင်များက စနစ်တကျ အကွက်ချ စိုက်ပျိုးထုတ်လုပ် ရောင်းချကြသည်။ ပုလဲလုပ်ငန်းကိုလည်း အထူးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ကြသည်။ ခရစ်နှစ် ၁၆-၁၇ ရာစုတွင် မြောက်ဦးမြို့တော်သို့ ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) တို့ ရောက်ရှိလာသည့်အခါ ဆန်၊စပါးနှင့် လယ်ယာ ထွက်ကုန်လုပ်ငန်းမှာ ယခင်ကထက် အဆများစွာ တိုးတက်ခဲ့သည်။
အခြားသော လယ်ယာထွက်ကုန် သီးနှံများကိုလည်း ၀ယ်ယူကာတင်ပို့ရောင်းချကြသည်။
ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) လူမျိုး ကုန်သည်များသည် ရခိုင်ပြည်မှ ရသမျှ ဆန်စပါးများကို၀ယ်ယူ၍ ယခု အင်ဒိုနီးရှားနိုင်ငံ ဂျာဗာ၊ ဂျာကာတာ (ဘတ်တေးဗီးယား) ဒေသများသို့ တင်ပို့ခဲ့ကြသည်။ ယင်းအပြင် ပေါ်တူဂီ နှင့် ဒတ်(ခ်ျ) လူမျိုး ကုန်သည်များသည် ပဲခူး ဟံသာ၀တီပြည်မှ ဆန်စပါးများကိုလည်း ၀ယ်ယူတင်ပို့ကြလေသည်။
ပေါ်တူဂီ နှင့် ဒတ်(ခ်ျ)တို့ ၀င်ရောက် ကုန်သွယ်ရန် ရောက်လာခဲ့စဉ် ရခိုင်ပြည်မှ ထုတ်ကုန်များအဖြစ် ယင်း ကုန်များကို (Export) ကုန်များအဖြစ် တင်ပို့ရောင်းချခဲ့လေသည်။ ကျွန်စျေးကွက်လည်း ရှိခဲ့သည်။
၀ါဂွမ်း၊ လဘက်၊ မဲနယ်၊ ဆေးရွက်တို့ကို ရမ်းဗြဲကျွန်း၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ ဂွ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ပလက်ဝြမို့များတွင် စီးပွားဖြစ် စိုက်ခင်းကြီးများ စိုက်ပျိုးကြလေသည်။ စပါး စိုက်ပျိုးခြင်းကိုမူ ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးကြသည်။ ပြည်တွင်းလိုအပ်ချက်မှ ပိုလျှံသည်များ ကိုသာ ပြည်ပထုတ်ကုန်(Export) အဖြစ် ရောင်းချကြရလေသည်။ ရံဖန်ရံခါ ဘုရင်၏အထူးအမိန့်တော်ဖြင့် သတ်မှတ်ထားသော ထုတ်ကုန်များကို ရောင်း၀ယ်ဖောက်ကားခွင့် ပြုလေသည်။ ပုလဲလုပ်လုပ်ငန်းကိုမူ ဘုရင်နှင့်တကွ မှူးကြီးမတ်ရာများက အထူး အလေးပေး ထိန်းချုပ်လုပ်ကိုင်ကြသည်။
မြောက်ဦးခေတ်အစောပိုင်းတွင် ဆန်စပါးပေါများသည့်အတွက် စပါးတောင်း (၁၀၀)ကို ရခိုင်ငွေဒင်္ဂါး (၂ ) ပြားဖြင့် အရောင်းအ၀ယ်ရှိကြောင်း မှတ်တမ်း တစ်ချို့များ၌ ဖော်ပြကြသည်။ ရခိုင်တွင် တစ်တောင်း၏ အခြင်အတွယ်သည် မြန်မာတွင် (၆)ပြည်နှင့် ညီမျှသည်ကို ဆိုလိုသည်။ ယင်းခေတ်ယင်း အချိန်က တစ်နှစ်လျှင် ကျွဲနွားတိရစ္ဆာန် တစ်ခုတည်း၏ တင်ပို့ရောင်းချမှုမှာ ငွေ (တစ်သန်း)ခန့်ရှိသည်ဟု ဖော်ပြကြသည်။
မြောက်ဦးခေတ်တွင် ပြည်ပတိုင်းနိုင်ငံများသို့ ကုန်သွယ်မှုပြုကြရာတွင် တစ်ချိုသော တိုင်းနိုင်ငံများမှ အသုံးပြုသော ငွေကြေးများကို ဘုရင်၏ ခွင့်ပြုချက်ဖြင့် လက်ခံပေးရလေ့ရှိသလို ၊ ရခိုင်ပြည်သုံး ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကိုလည်း ပြည်ပတိုင်းနိုင်ငံများက လက်ခံခဲ့ကြရသည်။
ရခိုင်တွင် ဒင်္ဂါးသုံးစွဲမှုကို ခရစ်နှစ်အစပိုင်း အေဒီ ၁ ရာစု လောက်ကပင် ရွှေဒင်္ဂါး ငွေဒင်္ဂါးများ သုံးစွဲနေကြပြီဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိထားပြီးဖြစ်သည်။ ဝေသာလီခေတ်ဒင်္ဂါးများအကြောင်းကို အလျဉ်းသင့်သည့်အခါ ဖော်ပြသွားပါမည်။
မြောက်ဦးခေတ်တွင် နိုင်ငံတော်၏ အရပ်ရပ်၀င်ငွေများကို အပိုင်း (၃)ပိုင်း ခွဲ၍ သတ်မှတ်ထားကြောင်း တွေ့ရသည်။ ယင်းတို့မှာ-
၁။ ဘုရင်ဘဏ္ဍာတော်တိုက်ငွေ။
၂။ အများပြည်သူဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ၊
၃။ သာသနာတော်ဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေ တို့ဖြစ်ကြသည်။
ဤနေရာ၌ ရခိုင်ပြည်သူပြည်သားသည် ဗုဒ္ဓဝါဒ ကိုလက်ခံကျင့်သုံးသော တိုင်းနိုင်ငံဖြစ်သည်နှင်အညီ သာသနာတော်စည်ပင်ပြန့်ပွားထွန်းကားရန် သာသနာတော်ဆိုင်ရာ ဘဏ္ဍာငွေကို ဥပဒေတစ်ရပ်အနေဖြင့် သီးသန့်ထားရှိမှုမှာ ဗုဒ္ဓဘာသာ၀င် ရခိုင်ပြည်သူများအဖို့ ဂုဏ်ယူစရာကောင်းလှပေသည်။
#rakhineculture
