၂၀၂၄ ခုနှစ်အတွင်း အမေရိကန်တွင် အိမ်ရာမဲ့ဦးရေ ၁၈% မြင့်တက်
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈
နိုင်ငံတစ်ဝန်း ဈေးနှုန်းသင့်တင့်မျှတတဲ့ အိမ်ရာစနစ်မရှိတဲ့အကျပ်အတည်း၊ ငွေကြေးဖောင်းပွမှု၊ လုပ်ခလစာ တိုးတက်မှု မရှိခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်နေရခြင်းတို့ကြားက အခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အိမ်ရာမဲ့ဦးရေ ၁၈% မြင့်တက်လာတယ်လို့ ဖက်ဒရယ်အာဏာပိုင်တွေက ဒီဇင်ဘာ ၂၇ ရက်နေ့ (သောကြာနေ့) က ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလအတွင်းက စစ်တမ်းကောက်ယူခဲ့ရာမှာ အိမ်ရာမဲ့ဦးရေ ၇၇၁,၀၀၀ ကျော် (လူ ၁၀၀,၀၀၀ မှာ ၂၃ ယောက်) တွေ့ရှိခဲ့ရကြောင်း အိုးအိမ်နဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန HUD ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကလေးရှိတဲ့အိမ်ရာမဲ့မိသားစုတွေဟာ ၃၉% ရှိပြီး အမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ကလေးသူငယ်ပေါင်း ၁၅၀၀၀၀ နီးပါးဟာ ၂၀၂၄ ခုနှစ်အတွင်း အိုးအိမ်မရှိဘဲ အိမ်ရာမဲ့ဘဝနဲ့ အိပ်စက်ခဲ့ရပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၃% မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အပြန်အလှန်အားဖြင့် စစ်ပြန်/စစ်မှုထမ်းဟောင်း အိမ်ရာမဲ့လူဦးရေဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ၈% ကျဆင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတွင်း အိမ်ရာမဲ့အများဆုံးရှိတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ အခုနှစ်အတွင်း ယာယီ/အမြဲတမ်း အိမ်ရာ စီမံချက်တွေ ရင်း နှီးမြှုပ်နှံခဲ့တဲ့အတွက် အိမ်ရာမဲ့ဦးရေ ၅% ကျဆင်းလာပါတယ်။
၂၀၂၁ ခုနှစ်မှာ အိမ်ရာမဲ့တွေကို အိုးအိမ်တွေထောက်ပံ့နိုင်ခဲ့တဲ့ ဒါးလက်စ်မြို့မှာတော့ အခုနှစ်အတွင်း ၁၆% လျော့ကျခဲ့ပါတယ်။
“ဘယ်အမေရိကန်လူမျိုးမှ အိမ်ရာမယ့်ဘဝ မရောက်သင့်ပါဘူး။ ဘိုင်ဒန်-ဟားရစ် အစိုးရအဖွဲ့အနေနဲ့ မိသားစုတိုင်း ဈေး နှုန်းသင့်တင့်မျှတ၊ ဘေးကင်းလုံခြုံပြီး အရည်အသေးကောင်းမွန်တဲ့ အိမ်ရာရရှိရေး ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားပါ တယ်။” လို့ HUD ဒုတိယဝန်ကြီး အန်ဒရီယန်တက်ဒ်မန်းက ပြောပါတယ်။
“ဒီစာရင်းဇယားတွေဟာ တစ်နှစ်နီးပါးရှိပြီဖြစ်ပြီး ဒီကနေ့မြင်နေရတဲ့ အခြေအနေတွေကို အလုံးစုံကိုယ်စား မပြုနိုင်ဘူးဆို ပေမဲ့ အိမ်ရာမဲ့တွေ ကာကွယ်ဖို့နဲ့ အိမ်ရာမဲ့ပပျောက်ရေးအတွက် ကျွန်မတို့တွေ သက်သေ အထောက်အထားအခြေပြု ကြိုးပမ်းအားထုတ်မှုတွေ အာရုံစိုက်ဆောင်ရွက်နိုင်ဖို့အတွက် အလွန်အရေးပါ ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အများပြည်သူပိုင်လမ်းမတွေပေါ်မှာ အိပ်စက်တာနဲ့ ကမ်ပိန်းလုပ်တာတွေကို တားမြစ်ဖို့အတွက် ပြည်နယ်/မြို့နယ် အာဏာပိုင်တွေကို အမေရိကန်တရားရုံးချုပ်က ခွင့်ပြုချက်မထုတ်ပြန်ခင်မှာပဲ အခု စစ်တမ်းကောက်ယူမှုကို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
တရားရုံးချုပ်က ဇွန်လအတွင်း အမိန့်ချမှတ်ခဲ့ပြီးနောက် မြို့နယ်/ပြည်နယ်တွေ အထူးသဖြင့် အမေရိကန်အနောက်ပိုင်း ဒေသတွေမှာ လမ်းပေါ်မှာယာယီတဲထိုးနေထိုင်သူတွေကို ရှင်းလင်းဖယ်ရှားဖို့ မူဝါဒသစ်တွေ ပြဋ္ဌာန်းလိုက်ပါတယ်။
Ref: U.S. homelessness rises 18% amid affordable housing shortage
#centralnewsnaypyitaw