နိုင်ငံသားတို့၏ မူလ အခွင့်အရေးများ
ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အာဏာသည် နိုင်ငံသားတို့မှ စတင်သည်။ အစိုးရတို့သည် ပြည်သူတို့ရွေးချယ် ခန့်အပ်၍သာ ရာထူးတာဝန်ရရှိလာကြပြီး ပြည်သူတို့ပေးသော အခွန်ဘဏ္ဍာဖြင့်ပင် တိုင်းပြည်ရေးရာများကို စီမံ ဆောင်ရွက်ကြရသူများ ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်အတွက် မူဝါဒများ ချမှတ်သည့်အခါ ပြည်သူ့လိုလားချက်များနှင့် ညီညွတ်မှု ရှိမရှိ သတိပြုရန်နှင့် မူဝါဒများကို အကောင်အထည်ဖော်ရာ၌လည်း ပြည်သူတို့ ကျေနပ်လက်ခံမှု ရှိအောင် ဆောင်ရွက်ရန် ၎င်းတို့မှာ တာဝန်ရှိသည်။
သည့်အပြင် ပြည်သူတို့အား အလေးဂရုပြုရသည့် အခြား အကြောင်း တစ်ခုက ပြည်သူတို့၌ အစိုးရတို့ ရုပ်သိမ်း ပယ်ဖျက်ခြင်း မပြုနိုင်သည့် မူလအခွင့်အရေးများ ရှိနေသောကြောင့် ဖြစ်သည်။
ထို မူလအခွင့်အရေးများ ဟူသည်ကား ၊
မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊
ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်၍ ဆန္ဒပြခွင့်၊
အသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခွင့်၊
ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်၊ ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ခွင့်၊ မိမိတို့ ရွေးကောက်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များ၊ အစိုးရများ၏ လုပ်ဆောင်ချက် များနှင့် စပ်လျဉ်း၍ မေးမြန်း စိစစ်ပိုင်ခွင့်...
စသည်၊ စသည်များ ဖြစ်သည်။
စင်စစ်၊ အဆိုပါ မူလအခွင့်အရေးများအားဖြင့်သာလျှင် လူထုသည် နိုင်ငံတော် အာဏာ၏ မူလပိုင်ရှင်များ ဖြစ်နိုင်ကြပြီး၊ ယင်းတို့ကို အသုံးပြု ကာသာ ဒီမို-ကရေစီ (လူထု-အုပ်စိုးမှု) စနစ်ကို အခြေတည်နိုင်ခြင်း ဖြစ်သည်။
#ဆက်ရန်ရှိ