~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ဟုတ်တယ်လေ။ ချက်ချင်းပြန်ဖို့ စီစဉ်ရတာပေါ့။ နင်နဲ့ တွေ့လိုက်ရတာကိုး ။
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နင် သိထားရမှာက စုစုထွေးဆိုတာ နင် ပြန်လှည့်ကြည့်တိုင်း နင့်ဆီကို ပြေးကပ်လာမယ့် အရိပ်တစ်ခု မဟုတ်ဘူး”
မောင်က ကျွန်မမျက်နှာကို မရမက လိုက်ကြည့်သည်။
“ဘာဖြစ်လို့ ဒီစကားမျိုး ပြောရတာလဲချစ်ရယ် ။ နင်ငါ့ကို ချစ်နေတုန်းပဲ ဆိုတာ နင် ဘယ်လောက်ပဲညာညာ ငါသိနေတာပဲ”
ကျွန်မ၏ ပခုံးစွန်ကို အသာကလေးပွေ့ယူလိုက်လေသည်။
“ငါ တောင်းပန်ချင်တယ်ဆိုတာ အဲဒါတွေပေါ့။ ဖြစ်သမျှ အဆိုးအကောင်း အားလုံး င့ါတာ၀န်ချည်းပါ။ အခုတော့ ငါ သိပ်မှားမှန်း ၀န်ခံရတော့မှာပါ ။ နင့်ကို ငါ ချစ်ခဲ့တယ်။ သိပ်ကို ချစ်ခဲ့ပါတယ်။ ဒါပေမယ့် နင်နဲ့ငါက စိတ်ဓာတ်ချင်း ယှဉ်ပြိုင်ပြီး ကွာခြားလာခဲ့တာ အခု အချိန်အထိ ညှိနှိုင်းလို့မရအောင်
ပြိုင်ငြင်းလာခဲ့ကြတာ .. နင့်ခြေလှမ်းကို ငါသိသလို ငါ့ခြေလှမ်းကို နင်သိတယ်။
နင်က ငါ့ကို မမှီတွယ်ချင်ဘူး .. သီးခြားဖြစ်တည်ချင်တယ် ။ ငါလိုချင်တာက ဘ၀တစ်ခုလုံး ပုံပြီး ငါ့ကို အားကိုးမယ့် အနွံတာခံမယ့် အရိုးသားဆုံး မိန်းမကို …”
“သြ .. ဒါဖြင့် ငါကတော့ မရိုးသားဘူးပေါ့”
“စိတ်ဆိုးစရာ မဟုတ်ပါဘူး အချစ်ရယ် ။ နင်က မရိုးသားဘူးလေ။ အနည်းဆုံး ငါ့အပေါ် နင်ဘာတွေ ဟန်ဆောင်ခဲ့သလဲ ။
အဏ္ဏဝါ အအေးဆိုင်ထဲမှာ နင် လုပ်သွားတဲ့ ပြကွက်တွေက ဘာလဲ .. နင်ကိုယ်တိုင် ဒီဇာတ်သိမ်းမျိုး ဖန်တီးပေးခဲ့တာ မဟုတ်လား ။ တကယ်ဆို နင် ငါ့ကို ပါးရိုက်ပစ်လိုက်ပါလား ။ နင်နဲ့ ငါနဲ့ အများအမြင်မှာ လင်မယားပဲ ၊ နင့်ဘက်က လုပ်စရာ အများကြီး”
“သြော်.. နင့်ကို ငါက ရိုက်ရမယ် ။ တော်စမ်းပါ မောင်ရယ်”
မောင် ကျွန်မအပေါ် ဤသို့ အပြစ်မပုံချသင့်ပါ။ တကယ်ဆိုလျှင် အစကတည်းက မောင် ထိန်းချုပ်ဖို့ ကောင်းပါသည်။
ဇာတ်လမ်းတစ်ခုကို မည်သည့်အချိန်တွင် တော်သင့်ပြီဟု ရပ်တန့်တတ်ဖို့ မလိုအပ်ဘူးလား မောင်။
“မငိုနဲ့ .. မငိုစမ်းပါနဲ့ အချစ်ရယ် ။ ငါဘာလုပ်ရမလဲ။ သူနဲ့ကွာပြီး နင့်ကို ယူရမလား”
ကျွန်မ ဒေါသဖြင့် ပူလောင်နာကြည်းသွားလေသည်။
#ဆက်ရန်ရှိ
