Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျားဖြန့်ရှိသည့် မြန်မာက မြို့တစ်မြို့ကို ကိုင်တွယ်ရန် ပေတုန်တန်ပြော
ဘန်ကောက်၊ ဇန်နဝါရီ ၁၆
မကြာသေးမီက တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို ကျားဖြန့်လုပ်ငန်းတစ်ခုဆီကနေ ကယ်တင်နိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြို့တစ်မြို့၏ ပြဿနာကို အလေးထား ဖြေရှင်းကြရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က ပြည်တွင်းနိုင်ငံရေး သမားများကို တိုက်တွန်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ကျားဖြန့်စင်တာများတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ နိုင်ငံသားပေါင်း ထောင်ချီ ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့် အရေးကိစ္စနှင့်အတူ ထိုပြဿနာကို ဖြေရှင်းရာ၌ ထိုင်းအနေဖြင့် ပိုမိုထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အခြားနိုင်ငံများက ထိုင်းအစိုးရကို ဖိအားများပေးနေသည်။
တရုတ်သရုပ်ဆောင် ဝမ်သည် ထိုင်းတွင် သရုပ်ဆောင် အလုပ်အတွက် WeChat အက်ပလီကေးရှင်းမှ အလုပ် ခေါ်စာကြောင့် ထိုင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။
ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ၎င်းအား ထိုင်း-မြန်မာနယ်စပ်မှ ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
ထိုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် နှစ်စမှာပင် ထိုင်း၏ နယ်စပ်မြို့ဖြစ်သည့် မဲဆောက် (Mae Sot) မြို့အပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။
အသက် ၃၁ နှစ်အရွယ် ဝမ်ကို မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်က မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာတစ်ခုဆီကနေ ဇန်နဝါရီ ၇ ရက်တွင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
မီဒီယာများ၏ ဖော်ပြချက်အရ ဝမ်သည် ကရင်နယ်ခြားစောင့်တပ်(BGF) ခေါ် ကရင်အမျိုးသားတပ်မတော် (KNA) ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ၎င်းအား ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု ဆိုသည်။
ထိုအမှုနှင့်ပတ်သက်ပြီး ထိုင်း၏ ခရီးသွားကဏ္ဍအပေါ် ဆိုးကျိုးများ သက်ရောက်မည့် အခြေအနေမှ တားဆီးရန် အတွက် အစိုးရအဖွဲ့အနေနှင့် အထူးအာရုံစိုက်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံဟာ ကြောက်ဖို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွေပေါ်မှာ ကောလာဟလတွေ အများကြီး ပျံ့လာခဲ့ပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ ပြင်ဆင်နေပါတယ်”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် လူမှုမီဒီယာများပေါ်တွင် ပျံ့နေသည့် ကောလာဟလများကို အလေးထား စောင့်ကြည့်ရန်လည်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနကို ပေတုန်တန်က ညွှန်ကြားထားသည်။
ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုစေရေးအတွက် တရုတ် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation
ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
#centralnewsnaypyitaw
ကျားဖြန့်အရေး BGF-DKBA နှင့် တရုတ်လုပ်ငန်းရှင်များ အရေးပေါ်တွေ့
ဇန်နဝါရီ ၁၅
အွန်လိုင်းငွေလိမ်လည်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကျားဖြန့်အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)မှ ခေါင်းဆောင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ်အတွင်းမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)၊ လူကုန်ကူးမှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အလားတူ မြဝတီမြို့နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရ မည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများမှာ အတင်းအဓမ္မခိုင်းစေမှု၊ အသက် ၁၈ နှစ်အောက် ကလေး လုပ်သားများ မခိုင်းစေရန်၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ရန်၊ လိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ(ကျားဖြန့်)၊ တရားမဝင် အဖွဲ့အစည်းများရှိပါက သတင်းပေးပို့ရန် စသည့် အချက်များဖြစ် သည်။
ထိုစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျားဖြန့်အရေး အရေးပေါ် အစည်းအဝေးကို ကရင်နယ်ခြားစောင့်တပ်(BGF)မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူ၊ DKBA မှာ ဗိုလ်မှူးချုပ် စောဆန်းအောင်၊ တပ်မှူးတချို့နှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
BGF ထိန်းချုပ်သည့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လည်လုပ်ငန်း(ကျားဖြန့်) များရှိနေပြီး တရုတ်အနုပညာရှင်များကို လူကုန်ကူးမှုများပင် လုပ်ဆောင်ခဲ့ကြသေးသည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ၎င်းကိုတောင် လိမ်လည်ရန် ကြိုးပမ်းလာကြောင်း၊ မြန်မာနိုင်ငံရှိ ကျားဖြန့် လုပ်ငန်းရှိသော မြို့ကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။
#စောချစ်သူ #bgf #dkba #ပေတုန်တန် #ကျားဖြန့် #နိုင်ငံရေး #cnimyanmar
ပုံစာ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က ကျားဖြန့်အရေး ကိုင်တွယ်ဖို့ BGF-DKBA နဲ့ တရုတ်လုပ်ငန်းရှင်များ အရေးပေါ် တွေ့ကြစဉ်
#သတင်းဟင်းလေးအိုးကြီး


