Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက် ၂ နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခုဘဏ္ဍာနှစ်တွင် ထောက်ပံ့ပေးရန် စီစဉ်နေ
ဖေဖော်ဝါရီ ၂၅
အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် လူမှုကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ နာမကျန်းအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ သက်ကြီးအကျိုးခံစားခွင့်၊ အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ အကျိုးခံစားခွင့် စသည် ၉ ရပ်ရှိကြောင်း သိရသည်။
ယင်းတို့ကို မိမိတို့၏ ဘဏ္ဍာငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်သည့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား ထောက်ပံ့သည့် လူမှုရေးပင်စင်အစီအစဉ် (Social Pension)နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program – MCCT)တို့မှ အကျိုးခံစားခွင့်ရှိသူများကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်(၂) နှစ်အောက်ကလေးငယ်အားလုံး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးစေလိုကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ယခုအချိန်ကတည်းကပင် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ ရရှိသည့်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် တိုးမြှင့်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အလားတူ အလုပ်ရှင်များအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများအား ပုံစံအမျိုးမျိုးဖြင့် ထောက်ပံ့နိုင်ရေး မျှော်မှန်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။
#centralnewsnaypyitaw