ရုံးပတီစိုက်ပျိုးနည်း
မြန်မာအမည် - ရုံးပတီ
အင်္ဂလိပ်အမည် - Okra, Lady's Fingure,
ရုက္ခဗေဒအမည် - Abelmoschus esculentus
မျိုးရင်းအမည် - Malvaceae
ရုံးပတီမျိုးများ
အသီးအရောင်အစိမ်းနှင့်အနီမျိုးဟူ၍ရှိပြီးအနံ့အရသာအဟာရကွဲပြားမှုမရှိပဲအရောင်အားဖြင့်သာကွဲပြားသည်။ဟင်းချက်သည့်အခါအနီရောင်သည်အစိမ်းရောင်သီးတောင့်အဖြစ်အရောင်ပြောင်းသွားသည်။
ရေမြေရာသီဥတု
ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီးဆောင်းရာသီတွင်အပင်ဖြစ်ထွန်းမှုမကောင်းပါ။မြေမျိုးမရွေးစိုက်ပျိုးနိုင်သော်လည်းရေစိမ့်ဆင်းမှုကောင်းသောမြေမျိုးဖြစ်ရမည်။မြေချဉ်ငန်ဓါတ်(၅.၈)မှ(၇.၀၀) သည်ရုံးပတီနှင့်သင့်တော်သော(Soil pH) ဖြစ်ပါသည်။
မျိုးစေ့နှုန်းထား
တစ်ဧကလျှင်မျိုးစေ့နှုန်း( ၆)ကီလိုဂရမ်အသုံးပြုပါ။
မြေဩဇာနှုန်းထား
နွားချေး (၁၀)တန်
ယူရီးယား (၅၀)ကီလို (၂) အိတ်
တီစူပါ (၅၀)ကီလို (၁) အိတ်
ပိုတက်ရှ်(၅၀)ကီလို (၁)အိတ်
မြေပြင်စဉ်ယူရီးယားမြေသြဇာတဝက်၊တီစူပါမြေသြဇာနှင့်ပိုတက်ရှ်မြေသြဇာများကိုစိုက်ခင်းအတွင်းထည့်သွင်းပါ။စိုက်ပြီး(၃၀)ရက်သားဘောင်ထပ်ချိန်တွင်ကျန်ယူရီးယားမြေသြဇာတဝက်ကို
ထည့်သွင်းပါ။မြေပြုပြင်ခြင်းမြေပြင်ချိန်တွင်နွားချေးချပြီးထယ်ထိုးထွန်မွှေပေးရမည်။၎င်းနောက်စိုက်ကြောင်းဖော်ပေးပါ။
စိုက်ပျိုးခြင်း
နွေရာသီတွင်စိုက်ပျိုးပါကရုံးပတီမျိုးစေ့အား(၄)နာရီရေစိမ်ပေးပါ။ထို့နောက်မျိုးစေ့ကိုရေသန့်
ဖြင့်ဆေး၍တစ်ကျင်းလျှင်(၃)စေ့ခန့်ချ၍တိုက်ရိုက်စိုက်ပျိုးပါ။မိုးရာသီတွင်ရေစိမ်ရန်မလိုအပ်ပါ။အစေ့မှအပင်ပေါက်ရန်အတွက်စိုက်ဘောင်၏ အပူဓာတ်သည် အရေးကြီးပါသည်။တန်းကြား(၃)ပေ၊ ပင်ကြား (၁-၁.၅)ပေထား၍စိုက်ပျိုးနိုင်သည်။
ပိုးမွှားရောဂါကာကွယ်ခြင်း
ရုံးပတီတွင်အဓိကကျရောက်သောပိုးမွှားရောဂါများမှာVercillium wilt, Yellow Mosaic Virus,Fusarium Wilt, ယင်ဖြူ, ပျ, သီးလုံးဖောက်ပိုးတို့ဖြစ်ပါသည်။ Virus ရောဂါကာကွယ်ရန် အတွက်ယင်ဖြူ၊ပျတို့ကိုနှိမ်နင်းပါ။ ပိုးမွှားရောဂါကျရောက်လျှင် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်း စနစ်(IPM)ဖြင့်ကာကွယ်နှိမ်နင်းပါ။ကျရောက်ပျက်စီးမှုများပါကစိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသည့်ဆေးများကိုညွှန်ကြားချက်အတိုင်းအသုံးပြုပါ။မိတ်ဖက်အပင်များ(Campanion-planting)စိုက်ပျိုး ခြင်းကိုဆောင်ရွက်ပါ။အကျိုးပြုအင်းဆက်များကို စိုက်ခင်းသို့ဆွဲဆောင်နိုင်ရန် (Farm- scaping) အဖြစ်အကျိုးပြုအင်းဆက်များ နှစ်သက်သောအပင်များစိုက်ပျိုးထားရှိပါ။
ခူးဆွတ်ခြင်း
စိုက်ပျိုးပြီး(၂)လခန့်အကြာတွင်ပထမဦးဆုံးအကြိမ်စတင်ခူးဆွတ်နိုင်ပါသည်။အဟာရဓာတ်အပြည့်ရရှိရန်အသီးတောင့်(၂-၄)လက်မအရွယ်တွင် ခူးဆွတ်ရမည်။ ရုံးပတီသီးကို (၁)ရက်ခြား ခူးဆွတ်ပါ။ ပထမဆုံးအသီးတောင့်ခူးဆွတ်ပြီးချိန်တွင် အောက်ခြေရှိအရွက်များအား ဖယ်ရှားပေးရမည်။
မျိုးစေ့ထုတ်လုပ်ခြင်း
ရုံးပတီမျိုးစေ့ထုတ်လုပ်ရန် တန်းကြား (၃)ပေ၊ ပင်ကြား(၁.၅)ပေ ထားရန်လိုအပ်ပါသည်။တစ် ကျင်းလျှင်တစ်ပင်ထားစနစ်ကို အသုံးပြုရမည်။ မျိုးစေ့အရည်အသွေးကောင်းရန်အတွက် ပိုတက်ဆီ ယမ်မြေသြဇာကို ပိုမိုထည့်ပေးရန် လိုအပ်ပါ သည်။ မျိုးစေ့ထုတ်ရာတွင် အစေ့၊ အဆံ အောင်မြင်ရန် အတွက်အောက်သီးမှစသီးသော အောက်ခြေအတောင့်(၂)တောင့်အား ခူးဆွတ်ပေးရမည်။ အောက်ခြေ အတောင့်နံပါတ်(၃)မှစ၍(၁၀)တောင့်အား မျိုးသီးအဖြစ်ယူပါ။(၁၀)တောင့်အထက်မှစ၍ ထိပ်ပိုင်းဖြတ် ပေးမည်။ အသီးတောင့် အခြောက်ခူးပြီးတိုင်း သီးတောင့်နှင့်ကပ်လျှက် အရွက်အားဖယ်ရှားပေးပါ။ အသီးတောင့်များအားလုံးမကွဲအက်မီခူးဆွတ်သင့်သည်။မျိုးစေ့များအားသိုလှောင်မီ အနည်းဆုံးအစို ဓာတ်(၈)%အထိအခြောက်ခံသင့်ပါသည်။
ရုံးပတီသီး(၁၀၀)ဂရမ်တွင် ပါဝင်သောအာဟာရဓါတ်များ
ကယ်လိုရီ - ၃၃ ဂရမ်
အဆီဓာတ် - ၀.၂ ဂရမ်
ဆိုဒီယမ် - ၇ မီလီဂရမ်
ပိုတက်ဆီယမ် - ၂၉၉ မီလီဂရမ်
ကာဘိုဟိုက်ဒရိတ် - ၇ ဂရမ်
အမျှင်ဓာတ် - ၃.၂ ဂရမ်
ပရိုတိန်း - ၁.၉ ဂရမ်
ဗီတာမင်-စီ - ၂၃ မီလီဂရမ်
ကယ်လဆီယမ် - ၈၂ မီလီဂရမ်
သံ - ၀.၆ မီလီဂရမ်
ဗီတာမင်ဘီ -၆ - ၀.၂ မီလီဂရမ်
မဂ္ဂနီစီယမ် - ၅၇ မီလီဂရမ်
#crd
#greengarden
Seinn Lei Hnin
Delete Comment
Are you sure that you want to delete this comment ?