Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘုတလင်မြို့နယ်တွင် ဆောင်းနေကြာ ဧက (၂)သောင်းနီးပါး စိုက်ပျိုးထား
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာဧက (၂)သောင်းနီးပါး စိုက်ပျိုးထားကြောင်း ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဘုတလင်မြို့နယ်တွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များဖြင့်စိုက်ပျိုးထားခြင်းဖြစ်သည်။
"တောင်သူလယ်သမားတွေ ဆောင်းသီးနှံ နေကြာ စိုက်ပျိုးရာသီမှာ သီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ၊သွင်းအားစု၊ သီးနှံမျိုးစေ့ ပေးအပ်တာတွေကို စစ်ကိုင်း တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေကကူညီဆောင်ရွက်လျက်ရှိပါတယ်"ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
စိုက်ပျိုးထားသော နေကြာများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဘုတလင်မြို့နယ်တွင် နေကြာများကို အောက်တိုဘာ (၁) ရက်မှ စတင်စိုက်ပျိုုးခဲ့ရာ ယနေ့ အချိန်အထိ (၁၈၁၉၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဖူကူရှီးမား ပင်လယ်ရေ စစ်ဆေးမှုပြီးစီး၊မူမမှန်သည့် လက္ခဏာမတွေ့ရဟုဆို
ဖူကူရှီးမား ဒိုင်အီချီ နျူကလီးယားဓါတ်အားပေးစက်ရုံအနီးမှ ရယူခဲ့သော ပင်လယ်ရေနမူနာများကို တရုတ်သုတေသနအင်စတီကျူးရှင်းများ၏ စမ်းသပ်စစ်ဆေးမှုများမာ မကြာခင်က ပြီးမြောက်ခဲ့ပြီဖြစ်ပြီး Tritium cesium-137 နှင့် strontium-90 ကဲ့သို့သော အန္တရာယ်ရှိသည့် ဒြပ်စင်များပါဝင်နေသည့် မူမမှန်သော လက္ခဏာများမတွေ့ရဟု တရုတ်အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။
တွေ့ရှိခဲ့သော အချက်အလက်များအပေါ် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) က စုစည်းထုတ်ပြန်သွားမည်ဖြစ်သည်ဟု အာဏာပိုင်အဖွဲ့က ဇန်နဝါရီ ၂၂ ရက်တွင် ပြောဆိုသည်။
တရုတ်ကျွမ်းကျင်ပညာရှင်များသည် အောက်တိုဘာလလယ်က ဖူကူရှီးမား နျူကလီးယားရေဆိုးထုတ်ရာ ပင်လယ်ရေပြင်အနီးသွားရောက်ခဲ့ပြီး စိတ်ကြိုက်စုဆောင်းရယူခဲ့သော စမ်းသပ်နမူနာများသည် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဂျပန်အစိုးရသည် ကြီးမားသော သံသယများ နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြင်းထန်သော ကန့်ကွက်မှုများကို လျစ်လျူရှုကာ ဖူကူရှီးမား ဒိုင်အီချီနျူကလီးယားဓါတ်အားပေးစက်ရုံမှ နျူကလီးယားရေဆိုးများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ကိုယ့်သဘောနှင့်ကိုယ် ပင်လယ်အတွင်း စွန့်ထုတ်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက ပထမဆုံးအကြိမ် လွတ်လပ်စွာ ရေနမူနာစုဆောင်းရယူခဲ့ခြင်းဖြစ်သည်။
အကျိုးစီးပွား ပါဝင်ပတ်သက်သူများ အများအပြား ပါဝင်နိုင်သည့် လွတ်လပ်ပြီး ထိရောက်သော ရေရှည်နိုင်ငံတကာစောင့်ကြည့်ရေးအစီအစဉ်ထူထောင်ခြင်းနှင့် တရုတ်နိုင်ငံက လွတ်လပ်စွာ နမူနာကောက်ယူခြင်းနှင့် စောင့်ကြည့်ခြင်းကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု စက်တင်ဘာလတွင် ဂျပန်အစိုးရက သဘောတူခဲ့ပြီးနောက် ရေနမူနာ စုဆောင်းရယူခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ တတ်သိနားလည်သူများ၏ လွတ်လပ်သော နမူနာကောက်ယူခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်မှန်ပြီး ထိရောက်သော ဒေတာများရရှိစေရန်နှင့် ရေဆိုးစွန့်ပစ်မှု၏ သက်ရောက်မှုကို အချိန်နှင့်တစ်ပြေးညီ အသိပေးရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကား၍ ဂလိုဘယ်တိုင်းမ်က သတင်းဖော်ပြခဲ့သည်။
လာအို၏လေထုအရည်အသွေး ကျန်းမာရေးနှင့်မညီညွတ်
ဗီယန်ကျင်း၊ဇန်နဝါရီ ၂၄
လာအိုနိုင်ငံတစ်ဝန်းရှိမြို့များတွင် လေထုညစ်ညမ်းနေပြီး လေထုထဲ၌ PM 2.5 အမှုန်များပါဝင်မှုသည် ကျန်းမာရေးနှင့်မညီညွတ်သည့် အဆင့်သို့ရောက်ရှိနေကြောင်း လာအိုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
လေထု အရည်အသွေးညွှန်းကိန်းများအရ လေထုထဲ၌ PM 2.5 အမှုန်များပါဝင်မှုသည် တစ်ကုဗမီတာလျှင် ၅၀ မိုက်ခရိုဂရမ်ဖြစ်ပါက အန္တရာယ်မရှိသော်လည်း လာအို၌လက်ရှိတွင် တစ်ကုဗမီတာလျှင် ၁၅၂ မိုက်ခရိုဂရမ်အထိပါဝင်နေသည်ဟုလည်းသိရသည်။
PM 2.5 သည် လေထုကိုညစ်ညမ်းစေပြီး ကျန်းမာရေး ကို ထိခိုက်စေနိုင်ကာ မီးခိုးမြူများဖြစ်စေနိုင်သည့် သေးငယ်သောအမှုန်အမွှားလေးများဖြစ်သည်။
PM 2.5 သည် အလွန်သေးငယ်သဖြင့် အဆုတ်ထဲ၌နေနိုင်ပြီး သွေးကြောများအတွင်းသို့ ဝင်ရောက်နိုင်ကာ အသက်ရှူလမ်းကြောင်းနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများကို ဖြစ်စေသည်။
ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ လျာထားချက်ပေါ် (၇၀) ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့
ဆောင်းရာသီကာလအတွင်း ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကိုထုတ်ချေးပေးရာတွင် လျာထားချက်၏ (၇၀) ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။
ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးအတွက် ငွေကျပ် (၁၄၀ ဒသမ ၀၅) ဘီလီယံ လျာထားပြီး ထုတ်ချေးပေးလျက်ရှိရာ (၉၈ ဒသမ ၀၇၁) ဘီလီယံထုတ်ချေးပေးထားပြီးဖြစ်သဖြင့် လျာထားချက်ပေါ်မှာ (၇၀) ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထုတ်ချေးပေးမှုအနေဖြင့် စပါးသီးနှံ တစ်ဧက (၁၅၀၀၀၀) နှုန်း၊ အခြားသီးနှံတစ်ဧက (၁၀၀၀၀၀) နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း (၅) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီချေးငွေအဖြစ်လည်း ၂၀၂၄ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးမှုအတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း(၁၇၂)ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၅,၈၇၁)အုပ်စုရှိ တောင်သူပေါင်း (၅၀၅,၈၄၃)ဦး၏ စိုက်ပျိုးဧကပေါင်း (၃ ဒသမ ၄၂၃)သန်းကျော်အတွက်လည်း ချေးငွေကျပ် (၄၈၉ ဒသမ ၃၂၁)ဘီလီလျံကိုလည်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပူတင်နှင့်တွေ့ဆုံရန် ဆန္ဒရှိကြောင်း ထရမ့် ပြော
ဝါရှင်တန်၊ ဇန်နဝါရီ ၂၅
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်းနှင့် ယူကရိန်း-ရုရှားစစ်ပွဲကို အမြန်ဆုံး ရပ်တန့်စေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ကတည်းက သူသမ္မတ အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် နေ့မှာပင် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြားဝင်ဆောင်ရွက် ပေးမည်ဟု ပြောကြားခဲ့သည်။
သို့သော် ယခုတွင်မူ ရုရှား-ယူကရိန်းစစ်ပွဲကို လနှင့်ချီ အချိန်ယူပြီး အဆုံးသတ်ရနိုင်ကြောင်း ထရမ့်၏ အကြံပေး များက ပြောကြားခဲ့သည်။
“သမ္မတပူတင်နဲ့ တွေ့ဆုံပြီး စစ်ပွဲကို အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်”ဟု ထရမ့်က ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ဗွီဒီယိုဆက်သွယ်မှုမှတဆင့် ပြောကြားခဲ့သည်။
“စစ်ပွဲကို အဆုံးသတ်ဖို့အတွက် စီးပွားရေး ရှုထောင့်ကနေကြည့်တာ မဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ လူ့အသက်တွေ ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
“ကျနော် ကြားရတာကတော့ ပူတင်ကလည်း ကျနော်တို့ကို တွေ့ချင်နေတယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ အမြန်ဆုံးတွေ့နိုင်မှာပါ။ ကျနော်ကတော့ ချက်ချင်းတောင် တွေ့ချင်ပါသေးတယ်။ ကျနော်တို့နှစ်ယောက် မတွေ့မချင်း စစ်မြေပြင်မှာ စစ်သားတွေ နေ့စဉ်သေဆုံးနေကြမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကလည်း စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရရှိရန် အသင့်ဖြစ်နေသည်ဟု မိမိအားပြောခဲ့ကြောင်း ထရမ့်က ပြောသည်။
အမေရိကန်သည် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်စေရန် လုပ်ဆောင် နေကြောင်း ဒါ့ဗို့စ် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယခုသီတင်းပတ် အစောပိုင်းတွင်မူ ထရမ့်က ရုရှားအနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မပြုလုပ်ပါက ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ပြီး ရုရှား၏ ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံသွား မည်ဟု ခြိမ်းခြောက်ခဲ့သည်။
Source: ရိုက်တာ
ပုံ - ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကို တွေ့ရစဉ်
#centralnewsnaypyitaw