Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စက်တင်ဘာ ၂၆....။
အရာရာ ပုံမှန်နီးပါးဖြစ်ပျက်နေခဲ့သလိုလိုနဲ့
တစ်ရွေ့ရွေ့သွားနေဆဲ နာရီလက်တံတွေ ဘယ်တော့မှမရပ်တန့်တဲ့
နေ့တွေထဲက တစ်ရက်ပါပဲ....။
လေလာတယ်
နေသာတယ်
မိုးစက်တွေကကျတစ်၀က် မကျတစ်ချက်နဲ့
သြော်...မေ့လို့
ဆောင်းဦးရာသီအစပြုတော့မယ့်အချိန်ပဲ....။
စာမျက်နှာအဟောင်းကို ချန်ခဲ့နိုင်မှ
စာမျက်နှာအသစ်က ပြန်စတင်မှာနော်....။
ထပ်ခါတစ်လဲလဲပြန်ဖတ်မိနေဆဲစာအုပ်အဟောင်းလေးရဲ့
နောက်ဆုံးစာမျက်နှာကိုလှန်ထားရင်းနဲ့
ကိုယ့်ဘာသာသတိပေးရတယ်....။
စာအုပ်အသစ်တစ်အုပ်နဲ့
နောက်တစ်နေ့မနက်မှာစတင်ဦးမယ်...ဆိုတဲ့
အတွေးတွေကလည်း ပြန်ပြန်ဝေးသွားခဲ့တာကြာပြီမလား....။
မုတ်သုန်က အတိအကျမဆုတ်ခွာသေးတော့
ဆောင်းဦးဟာ အတိအကျရောက်မလာနိုင်သေးပုံရတယ်....။
မဆုတ်ခွာနိုင်သေးတဲ့မုတ်သုန်က
ကိုယ်ကိုလှောင်တယ်
စွန့်လွှတ်ရမှာပဲ သေချာသိလည်း
ကျားကုတ်ကျားခဲ
သူ့လိုပဲ ကိုယ်ဟာ ကပ်တွယ်နေသေးသတဲ့....။
ဒီလိုပါပဲ မုတ်သုန်ရယ်
ဒီလိုပါပဲ.....။
ဖြစ်တည်မှုတိုင်းကတော့
သူ့ရပ်တည်ချက်နဲ့သူပါပဲ
ဖယ်ခွာခြင်းကိုဖြစ်စေ
ဖက်တွယ်ခြင်းကိုဖြစ်စေပေါ့....။
ဒါပေမယ့်လည်း
ကိုယ်အလိုရှိသည်ဖြစ်စေ....
အလိုမရှိဘူးဖြစ်စေ....
သူ့အလိုလိုကုန်သွားလိမ့်ဦးမယ့် စက်တင်ဘာဟာ
တစ်ရက်မဟုတ်တစ်ရက်မှာတော့
မုတ်သုန်ကို
ခေါ်ဆောင်သွားနှင့်ဦးမှာပဲပေါ့.....။
#ညတာရာလင်း