~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
မောင် မစဉ်းစားမိဘူးလားကွယ်။
မောင်နှင့် တစ်လလောက်
ခွဲရမှာကိုပင်
မျက်ရည်ကျမိအောင်
၀မ်းနည်း ထိခိုက်လွယ်သော
ကျွန်မသည်
မောင်နှင့်
တစ်သက်လုံးခွဲရလျှင်
ဘယ်လိုများ
နေရစ်ခဲ့ပါ့မလဲဟု
မောင် နည်းနည်းမျှ
ပြန် မငဲ့ကြည့်မိဘူးလား။
~~~~~~
အခန်း-၄
မြန်မာ အချစ်၀တ္ထု ၊ နိုင်ငံခြား အချစ်၀တ္ထုမျိုးစုံ ဖတ်ဖူးခဲ့သော ကျွန်မအနေဖြင့် အချစ်ဟူသည် ရနံ့သင်းမွှေးသော ပန်းခြုံအောက်တွင်ဖြစ်စေ ၊ သာယာအေးချမ်းသည့် ခရမ်းရောင် ညနေခင်း တစ်ခုတွင် ဖြစ်စေ ၊ နှင်းငွေ့များ အုံ့ဆိုင်းနေသည့် နံနက်ခင်း တစ်ခုတွင် ဖြစ်စေ လှပစွာ တည်ရှိနေလိမ့်မည်ဟု အထင်ရောက်ခဲ့ဖူးသည်။
သို့မဟုတ်လျှင်လည်း ရေခဲငွေ့များဖြင့် အေးစိမ့်စိုလက်နေသော သောက်လက်စ ဖျော်ရည်ဖန်ခွက် တစ်ခွက်အတွင်းမှာဖြစ်စေ ၊ ရေမွှေးနံ့သင်းသော လက်ကိုင်ပုဝါ တစ်ခုအတွင်းမှာ ဖြစ်စေ ရှိလိမ့်မည်ဟု အထင်ရောက်ခဲ့ဖူး၏။
တကယ်တမ်းကျတော့ အချစ်ဆိုတာ အင်မတန် အံ့သြဖွယ်ရာပါပဲလား ၊
ပူအိုက်သော၂ နာရီအချိန် နေ့လယ်ခင်းတစ်ခု၏ ကြောက်မက်ဖွယ်ရာ နံစော်လှသော လူသေခွဲစိတ်ခန်းတစ်ခုထဲတွင် အချစ် ဖြစ်တည်လာခဲ့သည်။ ဖော်မလင်ဆေးနံ့နံစော်၍ အော်ကလီဆန်ဖွယ်ရာ ခန္ဓာဗေဒ ခွဲစိတ်ခန်းထဲမှာ ၊ ဆရာ ဆရာမတို့၏ ဉာဏ်စမ်းမေးခွန်းများထဲမှာ ၊ လှပဆန်းကြယ်သော အချစ်တစ်ခု စတင်ဖြစ်ပေါ်ခဲ့ရသော အကြောင်းသည် ကြည်နှုးဖွယ်လည်းကောင်း၍ ရယ်မောဖွယ်လည်း ကောင်းပါသည်။
ကျွန်မသည် ခန္ဓာဗေဒကို အလွန်မုန်း၏။ လက်ငါးလုံးမက ထူသော ဂရေးအနာတမီခေါ် စာအုပ်ကြီးကိုလည်းကောင်း ၊ အမှည့်လွန်၍ ပျော့ပြဲနေသော သီးမွှေးငှက်ပျောသီး၏ အန်ချင်စရာ အနံ့မျိုးနှင့် ပုပ်အဲ့သောလူသေအနံ့ ရောထားသည့် ခန္ဓာဗေဒ ခွဲစိတ်ခန်း၏ အနံ့ကိုလည်းကောင်း အသားမျှင်များ တစ်စစီ မြွှာထွက်နေသော လက်များဖြင့် မျက်လုံးဟောက်ပက်နှင့် လူသေအလောင်းများကို လည်းကောင်း ၊ အလွန်ကြောက်တတ်သူ ဖြစ်ပါသည်။
ကျွန်မ အလွန် ကြောက်လန့်တုန်လှုပ်သော ခန္ဓာဗေဒ ခွဲစိတ်ခန်းကို တရင်းတနှီး ချစ်လာအောင် စိတ်၀င်စားလာအောင် မောင်က ပြုပြင်ပေးခဲ့သည်ဟု ဆိုလျှင် မောင်ကတော့ ရယ်မောမြဲ ဖြစ်၏။
ဟုတ်သည်။ ကျွန်မသည် မောင်နှင့်ပတ်သက်ပြီးမှ ခန္ဓာဗေဒကို ချစ်တတ်လာသူ ဖြစ်၏။
ခန္ဓာဗေဒခွဲစိတ်ခန်းသည် စာသင်ခန်းတစ်ခုထက် နှစ်ဆနီးပါးရှည်သော အခန်းကြီးတစ်ခု ဖြစ်သည်။ ထိုအခန်းထဲတွင် စာသင်ခုံတန်းများ မရှိ။ စားပွဲများမရှိ။ လူသေတင်ပြီး ခွဲစိတ်ရသော ကုတင်ဟု ကျွန်မတို့ခေါ်သော ခုံမြင့်ရှည်များသာ တစ်ဘက်တစ်ချက်တွင် တန်းစီ၍ ထားသည်။ ကျောင်းသား ဆယ်ယောက် သို့မဟုတ် ဆယ့်နှစ်ယောက်ခန့် ပါ၀င်သော အုပ်စုကလေးများကို ခွဲထားပြီး တစ်ဖွဲ့လျှင် ဆရာတစ်ယောက်က ခေါင်းဆောင်၍ စာသင်ပေးရပါသည်။
ကျွန်မတို့ အဖွဲ့နှင့် မောင်တို့အဖွဲ့သည် အမြဲ လိုလို ဟိုဘက်တန်း သည်ဘက်တန်း မျက်စောင်းထိုး နေရာလောက်တွင် ရှိနေတတ်ပါသည်။ ပထမ တစ်နှစ်ခွဲလုံးလုံး တစ်ယောက် နှင့် တစ်ယောက် ဘာသိဘာသာ နေခဲ့ကြသော ကျွန်မနှင့် မောင်သည် ဒုတိယနှစ်ကျမှ အသိအမှတ်ပြုသော မျက်လုံးများနှင့် အစပြုခဲ့သည်။
ကျွန်မကို တစ်စုံတစ်ယောက်က လှမ်းကြည့်နေသလို ခံစားရတိုင်း ခွဲစိတ်ခုံပေါ်သို့ ခေါင်းငုံ့ကြည့်နေရာမှ ခေါင်းထောင်ကာ ဟိုဟိုသည်သည် ရှာဖွေကြည့်မိတတ်၏။
ထိုသို့ ကြည့်မိတိုင်းလည်း ခပ်လှမ်းလှမ်းမှ ကျွန်မဆီ ငေးငေးနေသော မောင့်ကို တအံ့တသြ တွေ့ရသည်။
ပထမတော့ ကျွန်မ မယုံမကြည် ဖြစ်နေမိသေးသည်။ မောင့်မျက်၀န်းများကို မြင်ရလျှင် ရင်သိမ့်သိမ့်ခုန်သွားပြီး နှုတ်ခမ်းဖျားများ ခြောက်သွေ့သွားသည်မှာ ကျွန်မ အလွန်တရာ ပျော့ညံ့လွန်းသောကြောင့် ဖြစ်မှာပါ။ မောင်ဟာ ကျွန်မကို လှမ်းကြည့်တာမှ ဟုတ်ရဲ့လား ၊ အနည်းငယ် မသေချာ ဖြစ်ခဲ့ရသေးသည်။ အ၀တ်စားများကို (ဒုတိယနှစ်ရောက်မှ) သပ်သပ်ရပ်ရပ် ၀တ်တတ်ပြီး လှလှပပ ကြော့ကြော့လေး နေတတ်သည့် မောင်သည် အ၀တ်အစား ကပိုကရို ၊ မျက်နှာမှာသနပ်ခါး မရှိသော ရုပ်ရည် နှစ်သက် စွဲလန်းဖွယ်ရာ တစိုးတစေ့မျှ မရှိသည့် ကျွန်မကို ဘာကြောင့်များ စိတ်၀င်တစား ကြည့်နေရပါသနည်း။
#ဆက်ရန်ရှိ
