2 yrs - Translate

အခုလအတွင်း လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းငယ် တကြိမ်ဖြစ်ပေါ်နိုင်

ဇွန် ၃ - ၂၀၂၄
SN (VOM)

အခု ဇွန်လအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“လောလောဆယ် ခန့်မှန်းတာတော့ မုန်တိုင်းငယ်ပေါ့။ ဒါပေမယ့် ဒါက ဘယ်လောက်အထိ အင်အားကောင်းနိုင်တယ်၊ အကျိုးသက်ရောက်မှု ဘယ်လောက် ရှိနိုင်တယ်ဆိုတာကတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်လာမှပဲ ပြောလို့ရမှာပါ။ ကျွန်တော်တို့ မိုး/ဇလ ဌာနအနေနဲ့ကတော့ လက်ရှိမှာ‌ ယေဘူယျ ခန့်မှန်းချက်အနေနဲ့ ထုတ်ပြန်ထားတာပါ” လို့ ဦးလှထွန်းက ပြောပါတယ်။

များသောအားဖြင့် အခုလို မုတ်သုံဝင်ကာစအချိန်မျိုးမှာ လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်တတ်ပြီး မုတ်သုံလေထဲမှာရှိနေတဲ့ လေဖိအားနည်းရပ်ဝန်းတွေကြောင့် မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

“ဒါကလည်း နှစ်တိုင်းလိုလိုပါပဲ။ မုတ်သုံကာလရောက်ပြီဆိုရင် လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါတွေက ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ အဲဒီလတိုင်းလိုလိုမှာ ဖြစ်တာရှိတယ်။ ဒါပေမယ့် အဲဒီလတွေမှာ ဖြစ်တာတွေကတော့ မြန်မာနိုင်ငံဘက်ကိုတော့ ရွေ့လျားလေ့မရှိဘူး” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

ဒါပေမယ့်လည်း လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကြောင့် မုတ်သုံက အလွန်အားကောင်းတဲ့ အနေအထားမျိုး ဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ မြန်မာ့ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်တာ၊ ကုန်းပေါ်‌ မှာ မုတ်သုံမိုးများတာတို့ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အခုလအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်မှု ရှိ၊ မရှိနဲ့ ပတ်သက်လို့လည်း သူက “များသောအားဖြင့် ဇွန်က ရေကြီးရာသီတော့ မဟုတ်ဘူး။ သို့သော် မုတ်သုံမိုးများတဲ့ အခါမျိုးမှာဆိုရင် တောင်ကျရေလျှံပြီးတော့ ‌လမ်းတွေရေကျော်တာမျိုး ရှိနိုင်တယ်။ မွန်ပြည်နယ်ဘက်မှာဆိုရင် မုတ်သုံမိုးများလို့ လမ်းတွေရေကျော်တာ နှစ်တိုင်းလိုလိုဖြစ်လေ့ဖြစ်ထရှိတယ်။ ဒါက ရုတ်တရက် မိုးများတဲ့အတွက်ပေါ့။ ဒီကာလမှာ မုတ်သုံမိုးကြောင့် ရေကြီးရေလျှံတာတွေ နှစ်တိုင်းလိုလို ရှိတဲ့အတွက် သုံး၊ လေးရက်ဆက်ပြီး မိုးများနေမယ်ဆိုရင်တော့ သတိပြုရတော့မယ်။ မိုး/ဇလဌာနကနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါတယ် ဆိုရင် ဒါ ကမ်းရိုးတန်းတွေ မိုးများတော့မယ့် သဘော။ သတိပြုရမယ့် အခြေအနေပါ” လို့ ပြောပါတယ်။

လက်ရှိ မိုးဦးကျကာလမှာတော့ မြစ်ရေကြောင့် ရေကြီးရေလျှံမှုတွေ မရှိနိုင်ဘူးလို့ သိရပြီး မြန်မာနိုင်ငံက မြစ်တွေရဲ့ ရေကြီးရာသီက မိုးလယ်နဲ့ မိုးနှောင်းကာလ ရောက်မှသာ ဖြစ်ပေါ်တတ်တာကြောင့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ပဲခူး စတဲ့ မြစ်ရေမြင့်တက်မှုတွေကို အဲဒီ ကာလတွေရောက်မှသာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အနောက်တောင်မုတ်သုံလေဟာ ပြီးခဲ့တဲ့ မေလအတွင်း ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကိုလည်းကောင်း၊ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းကိုလည်းကောင်း၊ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကိုလည်းကောင်း၊ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံတဝန်းလုံးကိုလည်းကောင်း အသီးသီး ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇွန် ၃ ရက်နေ့၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်လို့ သိရပါတယ်။

ဇွန်လ (ပထမ) ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင်တယ်လို့ သိရပါတယ်။

မိုးရွာသွန်းမှုအခြေအနေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မိုးရွာရက်အနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၈ ရက်မှ ၁၀ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ၄ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ်

image

image

image
2 yrs - Translate

Sunset in Bali, Indonesia 😯😯😯

image
Demo Lu changed his profile picture
2 yrs

image

?

image
Thet HtooZaw changed his profile picture
2 yrs

image

?

The Best Orange Cake recipe