Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ မဟာဗျူဟာမြောက် ဆွေးနွေးမှုများပြုလုပ်
နိုဝင်ဘာ ၃ ရက်၊ နိုင်ငံတကာ။
ရုရှားနိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) နိုင်ငံခြားရေးဝန်ကြီးများသည် နိုဝင်ဘာ ၁ ရက်က မော်စကိုမြို့၌ မဟာဗျူဟာမြောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား အဆင့်သစ်သို့ တရားဝင်တိုးမြှင့်ထားသည့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား အပြည့်အဝ အကောင်အထည်ဖော်ရေးအတွက် ထပ်လောင်းကတိပြုခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီးတို့က အဓိကကျသော နိုင်ငံတကာရေးရာ ပြဿနာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအကြား မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား အဆင့်အသီးသီး၌ အပြန်အလှန်ဆွေးနွေးမှုနှင့် ကူးလူးဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရေးအတွက် နှစ်ဖက် သဘောတူညီခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မဟာဗျူဟာမြောက် ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် လက်တွေ့ကျသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက် ခြေခြေမြစ်မြစ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်ဟု ယင်းဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အား ကိုးကား၍ နိုင်ငံပိုင် Korean Central News Agency က ဖော်ပြထားသည်။
ကိုရီးယားကျွန်းဆွယ်၊ အရှေ့မြောက်အာရှနှင့် ကမ္ဘာကြီး၏ အခြားနေရာဒေသများတွင် တင်းမာမှုများ အရှိန်မြင့်တက်စေသည့် အရင်းခံအကြောင်းရင်းမှာ အမေရိကန်နှင့် ယင်း၏လက်ဝေခံနိုင်ငံများ၏ ရန်စမှုများကြောင့်ဖြစ်သည်ဟု နှစ်ဖက်လုံးက တူညီစွာနားလည်ထားကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းက အမေရိကန်နှင့် မဟာမိတ်များ၏ ရန်လိုသောမူဝါဒအား ဟန့်တားရန်နှင့် ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိရေးအတွက် ကျင့်သုံးသော အစီအမံများအား ရုရှားအနေဖြင့် အပြည့်အဝထောက်ခံကြောင်းလည်း အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
Credit - ဆင်ဟွာသတင်းဌာန
#သတင်းဟင်းလေးအိုးကြီး