ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ချုပ်ပြီးအထည်မှာယူမှုမြင့်တက်နေ
မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှအထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် အဆိုပါ နိုင်ငံများမှ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
" အမှာစာတွေက အများကြီးရတယ်။ အခုဆိုရင် ပိုလန်က အများကြီးဝယ်နေပြီ။ အဲဒီလိုပဲ အရှေ့အလယ်ပိုင်းကလည်း တော်တော်ဝယ်နေပြီ။ အီးယူနိုင်ငံထဲမှာ အများဆုံးပို့တယ့်နိုင်ငံဆိုလို့ ဂျာမနီက အများဆုံးသွားတာ။ ပြီးရင် စပိန်၊ အီတလီ အဲဒီလိုသွားတာ" ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
လက်ရှိတွင်အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်နေပြီး အထည်ချုပ်ကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းအများဆုံးဖန်တီးပေးထားခြင်းလည်းဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အထည်ချုပ်ကဏ္ဍ၌ အမှာစာဝယ်ယူမှု လျော့ကျခဲ့ပြီး ၂၀၂၃ ခုနှစ်မှစတင်ကာ ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့မှ အော်ဒါမှာယူမှုပြန်လည်မြင့်တက်လာကြောင်း သိရသည်။