7 ပတ် - ဘာသာပြန်ပါ။

အာကာသဟာ နက်ရှိုင်းကျယ်ပြန့်လှတယ်။ ​
ဒီလို မည်း​မှောင်ပြီး ကျယ်​ပြောတဲ့ အာကာသလွင်ပြင်ကြီးထဲ လူသား​တွေဟာ ဘယ်​လောက်အကွာအ​ဝေးအထိ ခရီးဆန့်ခဲ့ပြီးပြီလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
ရှာ​ဖွေ​လေ့လာခဲ့ဖူးသမျှ ကမ္ဘာနဲ့ အ​ဝေးဆုံး ဂလက်ဆီဟာ MOM-z14 ဖြစ်ပါတယ်။ အ​ဝေးဆုံး​တွေ့ရှိခဲ့တဲ့ ကြယ်က Earendel ဖြစ်ပြီး အလင်းနှစ် ၂၈ ဘီလီယမ်အကွာမှာ ရှိပါတယ်။ ကျွန်​တော်တို့ရဲ့ ​နေအဖွဲ့အစည်းက​​တော့ ၃၀ ထရီလီယမ် ကီလိုမီတာ(၃၀ အနောက်မှာ သုည ၁၂လုံး)၊ မိုင်​ပေါင်း ၁၈ ထရီလီယမ်လောက် ကျယ်ဝန်းပါတယ်။
လူသား​တွေ အ​ဝေးဆုံးခရီးနှင်နိုင်ခဲ့တဲ့ အကွာအ​ဝေးက​ ၄၀၀,၁၇၁ ကီလိုမီတာခန့်(၂၄၈,၆၅၅ မိုင်) ရှိပြီး ၁၉၇၀ ခုနှစ်က လ​ဆီသွားခဲ့တဲ့ Apollo 13 က စံချိန်ချိုးခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ Apollo 11 က လ​ပေါ်ပထမဆုံး ​ခြေချနိုင်ခဲ့ပါတယ်။ Apollo 13 က​တော့ လ​ပေါ်မှာ ​အခြေချခဲ့တာမျိုး မရှိဘဲ၊ Apollo 11 သွားခဲ့တဲ့ အကွာအ​ဝေးထက် ပို​အောင် သွားနိုင်ခဲ့ပါတယ်။ ဒါ​ပေမဲ့ ​စက်ပစ္စည်းချို့ယွင်းခဲ့တာ​ကြောင့် ကမ္ဘာ​မြေဆီကို အ​ရေး​ပေါ် ပြန်လည်ဆင်းသက်လာခဲ့ရပါတယ်။ အခက်အခဲတစ်စုံတစ်ရာ​ကြောင့်သာ မဟုတ်ရင် Apollo 13 ဟာ ဒီထက်​ဝေး​ဝေးကို ဆက်သွားနိုင်မဲ့ အလားအလာရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါက ကျွန်​တော်တို့ လူသားမျိုးနွယ်​တွေ ကမ္ဘာ​မြေက​နေ အာကာသထဲကို အ​ဝေးဆုံးသွားနိုင်ခဲ့တဲ့ အကွာအ​ဝေးဖြစ်ပါတယ်။ အထက်မှာ​ ​ဖော်ပြခဲ့တဲ့ အကွာအ​ဝေး​တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မ​ပြောပ​လောက်တဲ့ ပမာဏ​လေးပါ။
Apollo 13 mission လိုပဲ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ Artemis 1 mission ဟာလဲ အကွာအ​ဝေးအတူတူပဲ ခရီးနှင်ခဲ့ပါတယ်။ Artemis 1 mission မှာ​တော့ Orion အာကာသယာဉ်ငယ်​လေးကို လ​ပေါ်လွှတ်တင်ခဲ့ပါတယ်။ Orion ယာဉ်​လေးထဲမှာ​တော့ Moonikin Campos လို့ အမည်​​ပေးထားတဲ့ လူပုံစံအရုပ်​ကိုပါ ထည့်​ပေးလိုက်ပြီး လနဲ့ ပတ်သက်တဲ့ အချက်အလက်​တွေကို စု​ဆောင်း​စေခဲ့ပါတယ်။ Artemis 1 mission ဟာ လူသား​တွေကို လ​ပေါ်က​နေတစ်ဆင့် ပိုပြီး​ဝေးကွာတဲ့ မားစ်ဂြိုလ်​ပေါ်ကို ခရီးဆန့်နိုင်​အောင် ရည်ရွယ်ထားတဲ့ မစ်ရှစ်တစ်ခုလဲ ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်၊ စက်တင်ဘာလမှာ ပထမဆုံး လွှတ်တင်ခဲ့တဲ့ Voyager 1 အာကာသယာဉ်​လေးက​တော့ လူ​တွေ အ​ဝေးဆုံးသွားနိုင်တဲ့ အကွာအ​ဝေးထက် ​ကျော်လွန်ပြီး ခရီးဆန့်နိုင်ခဲ့ပါတယ်။
Voyager 1 အာကာသယာဉ်က ကမ္ဘာက​နေ ၂၄ ဘီလီယမ် ကီလိုမီတာ​ ကျော်(မိုင်​ပေါင်း ၁၅ ဘီလီယမ် ခန့်) အကွာအ​ဝေးအထိ သွားနိုင်ခဲ့ပါတယ်။ ဒါဟာ ​နေရဲ့ ဟီလီယိုအလွှာ(Heliosphere) ကို ​ကျော်လွန်သွားနိုင်တဲ့ အကွာအ​ဝေးဖြစ်ပါတယ်။ Heliosphere ဟာ ​နေရဲ့ အပူလှိုင်း၊ အပူမီးလုံးကြီး​တွေ ရှိ​နေတဲ့ အလွှာဖြစ်ပါတယ်။ Voyager 1 က ၁၉၉၈ ခုနှစ်မှာ Heliosphere ကိုပါ ​ကျော်လွန်နိုင်ခဲ့ပြီး ​နေအဖွဲ့အစည်းရဲ့ အပြင်ဘက် Interstellar space အထိ ​ရောက်​အောင် သွားနိုင်ခဲ့ပါတယ်။ယခုအချိန်မှာ အလင်းအလျင်နှုန်းနဲ့ တစ်ရက်ကြာသွားနိုင်တဲ့ အကွာအဝေး ကိုရောက်ရှိခဲ့ပါပြီ။
ဒုတိယအ​ဝေးဆုံးအကွာအ​ဝေးကို Voyager 1 ရဲ့ တွဲဖက်ဖြစ်တဲ့ Voyager 2 အာကာယာဉ်​လေးက ကီလိုမီတာ ၂၀ ဘီလီယမ်နဲ့ စံချိန်ချိုးထားပါတယ်။ Voyager 1 နဲ့ Voyager 2 ကို မူလက ဂျူပီတာ၊ ​စေတန်၊ ယူ​ရေးနပ်စ်ဂြိုလ်​တွေကို ​အနားကဖြတ်သန်းလေ့လာဖို့အတွက် ရည်ရွယ်တည်ဆောက်ခဲ့​ပေမဲ့ သူတို့က အခု​လော​လောဆယ်အထိ​တော့ အာကာသထဲ အ​ဝေးဆုံးသွားနိုင်ထားတဲ့ ယာဉ်​လေး​တွေပါ။
ယခုလက်ရှိအထိလဲ Voyager 1 ယာဉ်ငယ်​လေးက ခရီးဆက်​နေဆဲဖြစ်ပြီး သူဘယ်​လောက်​ဝေး​ဝေးအထိ သွားနိုင်မလဲ၊ ဘယ်လို အာကာသအချက်အလက်​တွေကို သယ်လာမလဲ၊ ပို့​ပေးအုံးမလဲ ဆိုတာ​တွေကို ​စောင့်ကြည့်ရမှာပါ။ ဘယ်လိုပဲဆိုဆို လူသား​တွေရဲ့ စူးစမ်းချင်စိတ်က ယခုလက်ရှိ သွားနိုင်တဲ့ အကွာအ​ဝေး​တွေထက်​တောင် ပိုလို့များ​နေမယ်ဆိုတာကို​တော့ ငြင်းနိုင်မယ်မထင်ပါဘူး။

image