အာကာသဟာ နက်ရှိုင်းကျယ်ပြန့်လှတယ်။
ဒီလို မည်းမှောင်ပြီး ကျယ်ပြောတဲ့ အာကာသလွင်ပြင်ကြီးထဲ လူသားတွေဟာ ဘယ်လောက်အကွာအဝေးအထိ ခရီးဆန့်ခဲ့ပြီးပြီလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
ရှာဖွေလေ့လာခဲ့ဖူးသမျှ ကမ္ဘာနဲ့ အဝေးဆုံး ဂလက်ဆီဟာ MOM-z14 ဖြစ်ပါတယ်။ အဝေးဆုံးတွေ့ရှိခဲ့တဲ့ ကြယ်က Earendel ဖြစ်ပြီး အလင်းနှစ် ၂၈ ဘီလီယမ်အကွာမှာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းကတော့ ၃၀ ထရီလီယမ် ကီလိုမီတာ(၃၀ အနောက်မှာ သုည ၁၂လုံး)၊ မိုင်ပေါင်း ၁၈ ထရီလီယမ်လောက် ကျယ်ဝန်းပါတယ်။
လူသားတွေ အဝေးဆုံးခရီးနှင်နိုင်ခဲ့တဲ့ အကွာအဝေးက ၄၀၀,၁၇၁ ကီလိုမီတာခန့်(၂၄၈,၆၅၅ မိုင်) ရှိပြီး ၁၉၇၀ ခုနှစ်က လဆီသွားခဲ့တဲ့ Apollo 13 က စံချိန်ချိုးခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ Apollo 11 က လပေါ်ပထမဆုံး ခြေချနိုင်ခဲ့ပါတယ်။ Apollo 13 ကတော့ လပေါ်မှာ အခြေချခဲ့တာမျိုး မရှိဘဲ၊ Apollo 11 သွားခဲ့တဲ့ အကွာအဝေးထက် ပိုအောင် သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စက်ပစ္စည်းချို့ယွင်းခဲ့တာကြောင့် ကမ္ဘာမြေဆီကို အရေးပေါ် ပြန်လည်ဆင်းသက်လာခဲ့ရပါတယ်။ အခက်အခဲတစ်စုံတစ်ရာကြောင့်သာ မဟုတ်ရင် Apollo 13 ဟာ ဒီထက်ဝေးဝေးကို ဆက်သွားနိုင်မဲ့ အလားအလာရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါက ကျွန်တော်တို့ လူသားမျိုးနွယ်တွေ ကမ္ဘာမြေကနေ အာကာသထဲကို အဝေးဆုံးသွားနိုင်ခဲ့တဲ့ အကွာအဝေးဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အကွာအဝေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မပြောပလောက်တဲ့ ပမာဏလေးပါ။
Apollo 13 mission လိုပဲ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ Artemis 1 mission ဟာလဲ အကွာအဝေးအတူတူပဲ ခရီးနှင်ခဲ့ပါတယ်။ Artemis 1 mission မှာတော့ Orion အာကာသယာဉ်ငယ်လေးကို လပေါ်လွှတ်တင်ခဲ့ပါတယ်။ Orion ယာဉ်လေးထဲမှာတော့ Moonikin Campos လို့ အမည်ပေးထားတဲ့ လူပုံစံအရုပ်ကိုပါ ထည့်ပေးလိုက်ပြီး လနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းစေခဲ့ပါတယ်။ Artemis 1 mission ဟာ လူသားတွေကို လပေါ်ကနေတစ်ဆင့် ပိုပြီးဝေးကွာတဲ့ မားစ်ဂြိုလ်ပေါ်ကို ခရီးဆန့်နိုင်အောင် ရည်ရွယ်ထားတဲ့ မစ်ရှစ်တစ်ခုလဲ ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်၊ စက်တင်ဘာလမှာ ပထမဆုံး လွှတ်တင်ခဲ့တဲ့ Voyager 1 အာကာသယာဉ်လေးကတော့ လူတွေ အဝေးဆုံးသွားနိုင်တဲ့ အကွာအဝေးထက် ကျော်လွန်ပြီး ခရီးဆန့်နိုင်ခဲ့ပါတယ်။
Voyager 1 အာကာသယာဉ်က ကမ္ဘာကနေ ၂၄ ဘီလီယမ် ကီလိုမီတာ ကျော်(မိုင်ပေါင်း ၁၅ ဘီလီယမ် ခန့်) အကွာအဝေးအထိ သွားနိုင်ခဲ့ပါတယ်။ ဒါဟာ နေရဲ့ ဟီလီယိုအလွှာ(Heliosphere) ကို ကျော်လွန်သွားနိုင်တဲ့ အကွာအဝေးဖြစ်ပါတယ်။ Heliosphere ဟာ နေရဲ့ အပူလှိုင်း၊ အပူမီးလုံးကြီးတွေ ရှိနေတဲ့ အလွှာဖြစ်ပါတယ်။ Voyager 1 က ၁၉၉၈ ခုနှစ်မှာ Heliosphere ကိုပါ ကျော်လွန်နိုင်ခဲ့ပြီး နေအဖွဲ့အစည်းရဲ့ အပြင်ဘက် Interstellar space အထိ ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ယခုအချိန်မှာ အလင်းအလျင်နှုန်းနဲ့ တစ်ရက်ကြာသွားနိုင်တဲ့ အကွာအဝေး ကိုရောက်ရှိခဲ့ပါပြီ။
ဒုတိယအဝေးဆုံးအကွာအဝေးကို Voyager 1 ရဲ့ တွဲဖက်ဖြစ်တဲ့ Voyager 2 အာကာယာဉ်လေးက ကီလိုမီတာ ၂၀ ဘီလီယမ်နဲ့ စံချိန်ချိုးထားပါတယ်။ Voyager 1 နဲ့ Voyager 2 ကို မူလက ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်ဂြိုလ်တွေကို အနားကဖြတ်သန်းလေ့လာဖို့အတွက် ရည်ရွယ်တည်ဆောက်ခဲ့ပေမဲ့ သူတို့က အခုလောလောဆယ်အထိတော့ အာကာသထဲ အဝေးဆုံးသွားနိုင်ထားတဲ့ ယာဉ်လေးတွေပါ။
ယခုလက်ရှိအထိလဲ Voyager 1 ယာဉ်ငယ်လေးက ခရီးဆက်နေဆဲဖြစ်ပြီး သူဘယ်လောက်ဝေးဝေးအထိ သွားနိုင်မလဲ၊ ဘယ်လို အာကာသအချက်အလက်တွေကို သယ်လာမလဲ၊ ပို့ပေးအုံးမလဲ ဆိုတာတွေကို စောင့်ကြည့်ရမှာပါ။ ဘယ်လိုပဲဆိုဆို လူသားတွေရဲ့ စူးစမ်းချင်စိတ်က ယခုလက်ရှိ သွားနိုင်တဲ့ အကွာအဝေးတွေထက်တောင် ပိုလို့များနေမယ်ဆိုတာကိုတော့ ငြင်းနိုင်မယ်မထင်ပါဘူး။
