အမေရိကန်သို့ ပြည်ဝင်ခွင့်ပိတ်ပင်ခံလာရတဲ့ ဆိုမာလီဒိုင်လူကြီးအာတန်
====================
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကြီးကြပ်ခွင့် ရရှိတဲ့ ပထမဆုံးဆိုမာလီဒိုင်ဖြစ်လာမဲ့ အိုအာအာတန်ဟာ အမေရိကန်ပြည်ဝင်ခွင့်ငြင်းပယ်ခံရပြီးနောက် ကမ္ဘာ့ဖလားအတွက် ဒိုင်လူကြီးစာရင်းမှ ဖယ်ရှားခြင်းခံလာရပါတယ်။

အာတန်ဟာ ၂၀၂၅ ခုနှစ်တုန်းက အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးဒိုင်လူကြီးဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပြီး မိုင်ယာမီနိုင်ငံတကာလေဆိပ်သို့ ရောက်လာချိန်တွင် ပြည်ဝင်ခွင့် ငြင်းပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် သူဟာ တူရကီမှာ ရှိနေပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးက အာတန်ကို ဘယ်လို အကြောင်းကြောင့် ပြည်ဝင်ခွင့် မပေးရသလဲဆိုတာ ကြေညာထားခြင်း မရှိပါဘူး။ ဒါပေမဲ့ ဆိုမာလီက ဒေါ်နယ်ထရန့်အစိုးရက အမေရိကန်သို့ လာခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံများထဲမှ တစ်ခု ဖြစ်ပါတယ်။

အမေရိကန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဖီဖာဟာ အာတန်ကို ကမ္ဘာ့ဖလားဒိုင်လူကြီးများစာရင်းမှ ဖယ်ရှားခဲ့ပါတယ်။

ဆိုမာလီလူငယ်နှင့်အားကစားဝန်ကြီးဌာနမှ စီနီယာအကြံပေးကလည်း အာတန်မှာ လုံလောက်တဲ့ စာရွက်စာတမ်းအထောက်အထားအပြည်အစုံဖြင့် ခရီးသွားခဲ့ခြင်းဖြစ်ပေမဲ့လည်း အမေရိကန်က ငြင်းပယ်ခဲ့ကြောင်း ဆိုသွားပါတယ်။

အာတန်ဟာ အစောပိုင်းတုန်းက ခရီးသွားလာရေးတွင် အခက်အခဲများ ကြုံရပြီးနောက် သံတမန်နိုင်ငံကူးပတ်စ်ပို့ ကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

အာတန်ဟာ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်တို့က ပူးတွဲကျင်းပလာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီး ၅၂ ဦးစာရင်းတွင် ပါဝင်ပါတယ်။

အာတန်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဖီဖာဒိုင်လူကြီးဖြစ်လာသူ ဖြစ်ပြီး အာဖရိကဖလားပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

image