အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar ကို ရန်ကုန်စီးတီး ခေါ်ယူ
မြန်မာနေရှင်နယ်လိဂ် (MNL)သို့ တက်လှမ်းလာသည့် တန်းတက်ကလပ် ရန်ကုန်စီးတီးအသင်း (Yangon City FC) သည် လာမည့်ရာသီသစ်အတွက် အသင်း၏ ခံစစ်ပိုင်းကို အားဖြည့်ရန် ဘရာဇီးလ်နိုင်ငံသား ဗဟိုနောက်ခံလူ Gilmar Rodrigues de Alcântara ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊ Decisão FC နှင့် Miramar EC အစရှိသည့်အသင်းများတွင်ကျင်လည်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် စုစုပေါင်း (၈၆) ပွဲ ကစားကာ (၁၂) ဂိုး အထိ သွင်းယူထားနိုင်သည့် နောက်ခံလူတစ်ဦးဖြစ် သည်။
ယခု ရန်ကုန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းသည် ၎င်း၏ ကစားသမားဘဝတွင် အာရှဒေသသို့ပထမဆုံးအကြိမ်လာရောက်ကစားခြင်းလည်း ဖြစ်သည်။
ရန်ကုန်စီးတီးအသင်းသည် လာမည့်ရာသီ MNL ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန်အတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားကောင်းများကို ခေါ်ယူအားဖြည့်နေပြီး လက်ရှိတွင်မြတ်ကောင်းခန့်၊ သန်းတိုးအောင်၊ Gilmar (ဘရာဇီးလ်)တို့ကို ခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်စီးတီးအသင်းသည် တန်းတက်ကလပ်တစ်ခုဖြစ်သော်လည်း ယခုကဲ့သို့ အတွေ့အကြုံရှိ ကစားသမားများကို အပြိုင်အဆိုင်ခေါ်ယူနေခြင်းကြောင့် လာမည့်ရာသီတွင် စောင့်ကြည့်ရမည့် အ သင်းတစ်သင်း ဖြစ်လာဖွယ်ရှိနေသည်။