ပခုက္ကူမှာ ဒီနေ့တရက်တည်း လက်နက်ကိုင်လူတစုက ဆန်ဆိုင်ကိုဝင်ရောက်းစီးနင်းတာ အပါအဝင် ဒုစရိုက်မှု ၃ခုဖြစ်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဓားပြမှုတွေပြန်ပေးဆွဲမှုတွေ စိပ်လာနေတဲ့အချိန်မှာဘဲ ဒီနေ့ဖေဖော်ဝါရီ ၃ရက် မနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ မင်းသားဆန်ဆိုင်ကို လက်နက်ကိုင်လူစု ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေအပြောအရသိရပါတယ်။
ဒီနေ့ဖေဖော်ဝါရီလ ၃ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ပခုက္ကူမြို့၊ အမှတ်၃ရပ်ကွက်၊ ထင်တန်းလမ်းမပေါ်မှာရှိတဲ့ "မင်းသား" ဆန်အရောင်းဆိုင်ကို ဆိုင်ကယ်နှစ်စီး၊ အသက်၂၀နှစ်ခန့်
အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား၅ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းကြောင်းသိရပါတယ်။
လက်နက်ကိုင်တွေက ဆိုင်ရှင်ကို အတင်အဓမ္မဖမ်းခေါ်တာကို ဝန်ထမ်းအမျိုးသမီးက လုံးထွေးသတ်ပုတ်လို့ ဆိုင်ရှင်အမျိုးသမီးလွတ်မြောက်ခဲ့ကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်သူကပြောပါတယ်။
ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုက မအောင်မြင်လို့ ဆိုင်အတွင်းမှာရှိတဲ့ လက်ကိုင်ဖုန်း ၃ လုံး နှင့် ငွေသားအချို့ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားကတယ်လို့ ဖြစ်စဥ်ကိုသိရှိသူတဦးကပြောပါတယ်။
"ဝန်ထမ်းလေးက ရုန်းရင်းဆန်ခတ် လုပ်လိုက်လို့ ဆိုင်ရှင်က လွတ်သွားတာ။ သဲသဲမဲမဲ ဖြစ်သွားတော့ ပြန်ပေးသမားတွေလည်း လူကိုမဖမ်းနိုင်တော့ဘဲ ဖုန်းနဲ့ ပိုက်ဆံပဲ ယူပြေးသွားကြတယ်" လို့ ဖြစ်စဉ်ကို သိရှိသူတဦးက ပြောပါတယ်။
ဒီလိုအလားတူပဲ မြို့သစ် နွယ်နီလမ်း မီးရထားဝန်ထမ်းလိုင်းမှာ မွန်းတည့်၁၂ နာရီဝန်းကျင်က ဓားပြတိုက်ခံရလို့ ငွေသိန်းတရာကျော်နဲ့ ဆိုင်ကယ်တစီးအပြင် သမီးဖြစ်သူဝတ်ဆင်ထားတဲ့ လက်ဝတ်ပစ္စည်းတွေ အကုန်ပါသွားတယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူဆီကသိရပါတယ်။
အလားတူ ဒီကနေ့ ဖေေဖာ်ဝါရီ ၃ရက် မနက်ပိုင်းကပဲ ပခုက္ကူတံတားနားမှာ အမျိုးသမီးတယောက်ကိုအမျိုးသားတယောက်က ဓားနဲ့ထိုးပြီးထွက်ပြေးသွားကြောင်းသိရပါတယ်။
ဒီလပိုင်းတွေအတွင်း ပခုက္ကူမှာ ပြန်ပေးမှု၊ ဓါးပြမှု စတဲ့ ဒုစရိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်မှု မြင့်တက်နေသလို ငွေကြေးချမ်းသာသူတချို့ဟာ ဒီနှစ်ပိုင်းတွေအတွင်း တခြားမြို့တွေကိုရွေ့ပြောင်းတာ ရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။