အိုးဘိုထောင်က လွတ်ငြိမ်းသက်သာ
ဒီကနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာပေးတဲ့အထဲမှာ မန္တလေး အိုးဘိုထောင်က ၂၈၃ယောက်လွတ်မြောက်ပြီး မန္တလေးတိုင်းအတွင်းက စုစုပေါင်း အကျဥ်း သား ၁၁၆၇ ယောက် လွတ်မြောက်တယ်လို့ အကျဥ်းဦးစီးဌာန အသိုင်းအဝိုင်းကနေ သိရပါတယ်။
အိုးဘို ထောင် ၂၈၃၊ မြင်းခြံ ၁၆၊ မိတ္ထီလာ ၄၆၊ ရမည်းသင်း ၁၈၁ ၊ညောင်ဦး၂၀ နဲ့ ကုန်ထုတ်စခန်းတွေက ၆၂၁ စုစုပေါင်း ၁၁၆၇ ယောက်လွတ်မြောက်တယ်လို့ စာရင်းအရသိရပါတယ်။
ဒီကနေ့လွတ်မြောက်သူတွေကို မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကားပြောကြားပြီး လမ်းစရိတ်ချီးမြင့်ငွေပေးအပ်ကာ နေရပ်အသီးသီးကို ပြန်ခွင့်ပြုလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၂ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သလို အဂတိမှု၊ လက်နက်မှု၊မတရားအသင်းဆက်သွယ်မှုမူးယစ်မှု စတဲ့ ခြွင်းချက်ပုဒ်မ ၉ခုကလွဲရင် တခြားပုဒ်မနဲ့ ကျခံရသူတွေကို ပြစ်ဏ်ရဲ့ ၆ပုံတပုံ လျှော့ပေါ့ခံစားခွင့်ပြုတယ်လို့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။