တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး
တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက် ကျင်းပခဲ့ပြီး အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်းာသိရသည်။
အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် နှင့် ကော်မတီဝင်မြန်မာ့တပ်မတော်မှအရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ် ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့်ကော်မတီဝင် ရုရှား တပ်မတော်မှအရာရှိကြီးများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်နိုင်ငံမှ ကော်မတီဝင်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌများက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကာ ကော်မတီ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov တို့သည် အစည်းအဝေး သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးကြပြီး အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။