"ပလူတိုကို ဂြိုဟ်သိမ်အဖြစ် ဘာကြောင့် ပြောင်းလဲ သတ်မှတ်ခဲ့တာလဲ"
နေအဖွဲ့အစည်းအတွင်းမှာ အရင်က ဂြိုဟ်ကိုးလုံး ရှိတယ်လို့ မှတ်ယူထားခဲ့ကြပါတယ်။ ဒါပေမဲ့ ယခုလက်ရှိအချိန်မှာတော့ နေအဖွဲ့အစည်းအတွင်း ဂြိုဟ်ရှစ်လုံးသာ ရှိကြောင်း လက်ခံအတည်ပြုထားပြီး ဖြစ်ပါတယ်။
ကိုးလုံးမြောက် ဖြစ်ခဲ့တဲ့ ပလူတိုကို ဘာကြောင့် 'ဂြိုဟ်' လို့ မခေါ်ဆိုနိုင်တာလဲ၊ ပလူတိုနဲ့ ပတ်သက်ပြီး အာကာသသိပ္ပံနယ်ပယ်မှာ ပညာရှင်တွေအကြား ဘယ်လို အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့သလဲ၊ ဘယ်လို ဖြေရှင်းခဲ့ကြသလဲ ဆိုတဲ့ သမိုင်းတွေက စိတ်ဝင်စားစရာပါ။
အမေရိကန်ပြည်ထောင်စု၊ အာရီဇိုးနားပြည်နယ်မှာ ရှိတဲ့ အာကာသလေ့လာရေးစခန်းလေးတစ်ခု အတွင်းမှာ နက္ခတ္တဗေဒ ပညာရှင်တစ်ယောက် အလုပ်ရှုပ်လို့ နေပါတယ်။ သူ့အမည်က ပါစီဗယ် လိုဝယ်(Percival Lowell) ပါ။ သူဟာ ဂြိုဟ်တွေကို သူတည်ထောင်ထားတဲ့ Lowell Observatory စခန်းကနေ ညတိုင်း၊ ညတိုင်း လေ့လာစောင့်ကြည့်နေခဲ့ပါတယ်။
အချိန်ကာလတွေအကြာမှာတော့ ပုံသဏ္ဍာန်မမှန်တဲ့ လှုပ်ရှားမှုတွေကို တွေ့ခဲ့ရပါတယ်။ ယူရေးနပ်စ်နဲ့ နက်ပကျွန်းဂြိုဟ်တို့ကို အရာဝတ္ထု တစ်ခုခုက ဆွဲငင်ထားသလို ဂြိုဟ်ပတ်လမ်းယိုင်နေတာကို သတိထားမိခဲ့ပါတယ်။ Lowell က နက်ပကျွန်းဂြိုဟ်ရဲ့ အလွန်မှာ ဂြိုဟ်တစ်ခု ရှိနေအုံးလိမ့်မယ်လို့ မှန်းဆခဲ့ပြီး ဒီအမည်မသိဂြိုဟ်ကို 'Planet X' လို့ အမည်ပေးခဲ့ပါတယ်။
Lowell ဟာ သူကွယ်လွန်ချိန်၊ ၁၉၁၆ ခုနှစ်အထိ Planet X အတွက်ကို ရှာဖွေမှုတွေနဲ့ သင်္ချာဆိုင်ရာ တွက်ချက်မှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ Planet X ရှိကြောင်းကို သက်သေမပြနိုင်သွားခဲ့ပါဘူး။
၁၉၃၀ ခုနှစ်မှာ အာကာသသိပ္ပံပညာရှင် ခလိုက် တွန်မ်ဘာ့(Clyde Tombaugh) ဟာ ညဘက်ကောင်းကင်ယံမှာ ကြယ်တွေရဲ့ နောက်ကွယ်ကနေ အစက်အပြောက်လေး တစ်ခု ရွေ့လျားနေတာကို တွေ့ခဲ့ပါတယ်။ ဒါဟာ ပလူတိုဂြိုဟ်ပါပဲ။ Clyde Tombaugh တစ်ယောက် ကိုးလုံးမြောက်ဂြိုဟ်ကို ရှာတွေ့သွားခဲ့ပါပြီ။ အဲ့ဒီအချိန်ကတည်းက စလို့ နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်ကိုးလုံး ရှိကြောင်းကို လက်ခံ အတည်ပြုလာခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ အာကာသပညာရှင်တွေဟာ ပလူတိုဂြိုဟ်ရဲ့ အလွန်မှာ နောက်ထပ်ဂြိုဟ်အသစ်တစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြပြန်ပါတယ်။ ဒီဂြိုဟ်အသစ်ကို အဲရက်စ်(Eris) လို့ အမည်ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ပြဿနာက အဲရက်စ်ကိုရော ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင် နေအဖွဲ့အစည်းအတွင်းမှာ စုစုပေါင်း ဂြိုဟ် ၁၀ လုံး ဖြစ်သွားမှာပါ။ အဲ့ဒီအထဲမှာမှ ပလူတိုနဲ့ အဲရက်စ်တို့ဟာ ကျန်တဲ့ ဂြိုဟ်ရှစ်လုံးထက်လည်း သေးငယ်ပြီး ဂြိုဟ်ဝိသေသလက္ခဏာတွေလည်း ဆင်တူနေကြပါတယ်။
ဒါ့အပြင် နောက်ထပ်အသစ်တွေ့ရှိသမျှ အရာဝတ္ထုတိုင်းကို နေအဖွဲ့အစည်းအတွင်း ထည့်သွင်းလိုက်ရင်လည်း ဂြိုဟ်အရေအတွက်တွေ များပြားလာမှာကို မလိုလားကြပြန်ပါဘူး။
ဒီလို အငြင်းပွားဖွယ်ရာ ကိစ္စတွေပေါ်ပေါက်လာတာကြောင့် ပညာရှင်တွေဟာ 'ဂြိုဟ်' ဆိုတာကို အဓိပ္ပါယ်သတ်မှတ်ဖို့အတွက် လိုအပ်လာကြပါတယ်။
ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ နိုင်ငံတကာ အာကာသသိပ္ပံပညာရှင်များ သမဂ္ဂ(International Astronomical Union- IAU) က ဦးဆောင်ပြီး အစည်းအဝေးတစ််ခု ကျင်းပခဲ့ပါတယ်။ 'ဂြိုဟ်' ဆိုတာကို ကွဲကွဲပြားပြား သတ်မှတ်ဖို့ အတွက်ပါ။
IAU က သတ်မှတ်ခဲ့တဲ့ ဂြိုဟ်တစ်ခုရဲ့ လက္ခဏာတွေကတော့ ...
(၁) နေကို လှည့်ပတ်နေရမယ်၊
(၂) လုံးဝန်းတဲ့ သဏ္ဍာန်ရှိပြီး ကိုယ်ပိုင် ဆွဲငင်အား ရှိရမယ်၊
(၃) ပတ်လမ်းကြောင်းဟာ တစ်ခြား ဂြိုဟ်အရာဝတ္တုတွေနဲ့ ကင်းလွတ်ရမယ်
ပလူတိုဟာ နံပါတ် (၁) ၊ (၂) နဲ့ ကိုက်ညီမှု ရှိပေမဲ့ (၃) အချက်နဲ့တော့ ကိုက်ညီမှု မရှိနေပါဘူး။
ပလူတိုဟာ အရွယ်အစား သေးငယ်ပြီး ဆွဲငင်အားလည်း နည်းလွန်းပါတယ်။ ဒါ့အပြင်သူ ဟာ ကိုင်ပါ ခါးပတ်(Kuiper Belt) အတွင်းမှာ ရှိနေတာကြောင့် ပတ်လမ်းအတွင်း ရောက်လာတဲ့ တစ်ခြား အရာဝတ္တုတွေနဲ့ သူ့ပတ်လမ်းကြောင်းဟာ မလွတ်မကင်းဖြစ်နေပါတယ်။
ဒါကြောင့် IAU အစည်းအဝေးမှာ ပလူတိုကို 'ဂြိုဟ်' အဖြစ်ကနေ 'ဂြိုဟ်သိမ်(Dwarf planet) အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြပါတယ်။
ယခုလက်ရှိအချိန်အထိ နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်ရှစ်လုံးကိုသာ ရှိကြောင်း လက်ခံအတည်ပြုထားပြီး ဖြစ်ပါတယ်။ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာတော့ ပြင်ပဂြိုဟ်(Exoplanet) များစွာကိုလည်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါကြောင်း။
အကိုး :



