ကင်ဂျုံအန်နဲ့ တောင်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်ခဲ့
ပေကျင်း၊ စက်တင်ဘာ-၄-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၀ူဝန်ဆစ်ခ်ဟာ တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်ခဲ့ပြီး ချီတက်ပွဲမစခင်မှာ သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အဲဒီစစ်ရေးပြပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဌဟာ ကင်ဂျုံအန်အပြင် ရုရှားသမ္မတပူတင်၊ တရုတ်သမ္မတ ရှီကျင်းပင်တို့နဲ့လည်း စကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကင်ဂျုံအန်ထံကို သတင်းစကားပါးနိုင်ကြောင်း ပူတင်က ၀ူဝန်ဆစ်ခ်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
၀ူဝန်ဆစ်ခ်ကတော့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရသော်လည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အရေးကြီးကြောင်းနဲ့ အဲဒီရည်ရွယ်ချက်အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်စစ်တပ်ဟာ အဲဒီစစ်ရေးပြပွဲမှာ နောက်ဆုံးပေါ်ဒုံးကျည်တွေ၊ ရေအောက်ဒရုန်းအကြီးစားတွေ၊ လေဆာလက်နက်တွေအပါအဝင် ခေတ်မီလက်နက်ကိရိယာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ တရုတ်သမ္မတရှီကျင်းပင်ဟာ ပူတင်၊ ကင်ဂျုံအန်တို့နဲ့ ပူးပေါင်းကြံစည်ပြီး အမေရိကန်ကို ဆန့်ကျင်နေတယ်လို့ စွပ်စွဲထားပါတယ်။
Ref:NHK
