#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ (၁၆) နှစ်အောက်များ အားပြည့်အချိုရည် ဝယ်ယူမှုတားမြစ်ရန် ဗြိတိန်အစိုးရ စီစဉ်
အင်္ဂလန်၌ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ အလိုအလျောက် အချိုရည်စက်များနှင့် အွန်လိုင်းတို့တွင် ကျွဲရိုင်း၊ မွန်းစတားနှင့် ပရိုင်းအပါအဝင် အားဖြည့်အချိုရည်များ အသက် (၁၆)နှစ်အောက် လူငယ်များ ဝယ်ယူသောက်သုံးခြင်းကိုတားမြစ်သည့် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းရန် အစိုးရကစီစဉ် လျက်ရှိသည်။
ဗြိတိန်ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေးဝန်ကြီး ဝက်စ်စတာတင်းက မိဘများနှင့် ဆရာများ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပြီး လူငယ်များ၏ ကျန်းမာရေးကိုကာကွယ်ရန် အဆိုပါပြဿနာကိုတိုက်ရိုက်ဖြေရှင်းမည်ဟု စက်တင်ဘာ ၁ ရက်တွင် ပြောသည်။
စူပါမားကတ်အများစုက ဆန္ဒသဘောထားအလျောက် တားမြစ်ချက်များ စတင်ကျင့်သုံးထားပြီးဖြစ်သော်လည်း ဗြိတိန်ရှိ ကလေး သူငယ်သုံးပုံတစ်ပုံခန့်သည် အဆိုပါ အားဖြည့်အချိုရည်ကို နေ့စဉ်သောက်သုံးနေကြောင်း ခန့်မှန်းရသည်။
အချို့သော လူကြိုက်များသည့် အချိုရည်များတွင် ကော်ဖီနှစ်ခွက်ထက် ကဖိန်းဓာတ် ပိုမိုပါဝင်သည်။ ဒိုင်းယက်ကုဒ်ကဲ့သို့ သော ကဖိန်းဓာတ်နည်းသည့်အချိုရည်များ နှင့်လက်ဖက်ရည်၊ ကော်ဖီတို့မှာ တားမြစ်ချက်၏ သက်ရောက်မှုမှ ကင်းလွတ်သည်။
ဥပဒေပြဋ္ဌာန်းရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပြည်သူများနှင့်လက်ကား ရောင်းချသူများ၊ ထုတ်လုပ်သူများထံမှ သဘောထားနှင့် အချက်အလက်များ စုဆောင်းရန်စစ်တမ်းတစ်ရပ်ကို သီတင်း ၁၂ ပတ်ကြာ ဆောင်ရွက်သွားမည် ဖြစ်သည်။
ကဖိန်းဓာတ်အလွန်အကျွံစားသုံးမှုသည် ခေါင်းကိုက်ခြင်းနှင့် အိပ်စက်မှုပြဿနာများနှင့် ဆက်စပ်နေသည်။ ထို့ပြင်နှလုံးခုန်နှုန်း မြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် တက်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ဘီဘီစီ
