ဗောဇ္ဈင်တရား
(ဒကာတစ်ယောက် သူက ဗောဇ္ဈင်ကို ရွတ်လည်း ရွတ်တယ်၊ ပွားလည်း ပွားတယ်။ သူ သေဆုံးမည့်အချိန် မတိုင်ခင်လေးမှာ သူ့နားသွားပြောပေးတယ်။ သူမောနေတယ်)
ဒကာ ဒီဗောဇ္ဈင်တရားဟာ အဲဒီ မောနေတာလေးကို သိနေတာ။ သတိက သိနေတာ။ သိနေ သိနေ၊ သိနေရင် အဲဒီ မောတာလေးနဲ့ သိတာလေးနဲ့ဟာ သိစရာနဲ့ သိတာ။ အဲဒါ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ပဲ။ သတိထားနေတာက သတိသမ္ဗောဇ္ဈင်။ နောက် ထပ်ခါထပ်ခါ သိအောင် လုပ်နေတာက ဝီရိယ သမ္ဗောဇ္ဈင်။
အဲလို သိနေတဲ့အတွက် စိတ်ထဲ အားရကျေနပ်မှု ဖြစ်လာ တယ်။ ပီတိသမ္ဗောဇ္ဈင်ဖြစ်လာတယ်။ ပီတိသမ္ဗောဇ္ဈင်ဖြစ်တော့ စိတ်အေးအေးချမ်းချမ်းလေး ဖြစ်လာတယ်။ (တပည့်တော် ပြည့်စုံပါတယ် ဘုရားတဲ့ လူမမာက ပြောတယ်။)
အေးအေးချမ်းချမ်းလေး ဖြစ်လာတော့ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်လာတယ်။ စူးစိုက်တည်ကြည်မှု အားကောင်းလာတော့ သမာဓိ သမ္ဗောဇ္ဈင်။ အဲဒီနောက်မှာ အလယ်အလတ်ပဲ ရှိတော့တယ်။ ဥပေက္ခာသမ္ဗောဇ္ဈင်၊ ကောင်းလို့လည်း ဝမ်းသာအားရ မဖြစ်ဘူး။ မကောင်းလို့လည်း စိတ်ဆိုးစိတ်ပျက် မဖြစ်ဘူး။
ဝမ်းသာမဖက်၊ စိတ်မပျက်၊ ရှုပျက်လျစ်လျူနေ ဆိုတဲ့ အတိုင်း ဥပေက္ခာ သမ္ဗောဇ္ဈင်ဖြစ်နေတယ်။ ဒါ လူတိုင်း လုပ်ရင် ဖြစ်နိုင်ပါတယ်။
••••••••••❀••••••••••
❒ ပယ်ရမှာနဲ့ ရှိရမှာ
ဓမ္မစကြာကို အားလုံးသိပါတယ်နော်။ အစွန်းနှစ်ပါး ပယ်ရမယ်ဆိုတာ။ ကာမသုခလ္လိက အစွန်းဟာ ကာမဂုဏ်အာရုံတွေကို တပ်မက်သာယာတဲ့ အစွန်း။ အဲဒါတွေကို မသုံးဆောင် မခံစားလို့ ပင်ပန်းဆင်းရဲဆိုတော့ မကျေနပ်တော့ ဒေါသစွန်း။
အဲဒီဟာ အစွန်းနှစ်ပါးကို ပယ်ရမှာ။ လောဘစွန်းနဲ့ ဒေါသစွန်း။
အဲဒီဟာ ပယ်ရမှာကို ကိုယ်က လိုက်ပယ်နေရတာမဟုတ်။ ဒီက ကောင်းတာရှိနေရင် မကောင်းတာဖြစ်ခွင့်မရ။ လောဘ၊ ဒေါသတွေရှိနေရင်လည်း ကောင်းတာတွေမရှိ။ ကောင်းတာတွေက သတိ၊ ဝီရိယ၊ ပညာ။
သတိ၊ ဝီရိယ၊ ပညာရှိနေရင် လောဘ ဒေါသ မဖြစ်ဘူး။ သတိထား။
သတိရှိနေရင် လောဘနဲ့ ဒေါသ ဖြစ်ခွင့်မရဘူး။ ပယ်ရမှာက လောဘ၊ ဒေါသ။ ရှိရမှာက သတိ၊ ဝီရိယ၊ ပညာ။
🖋️ ရွှေဥမင်ဆရာတော်ဘုရားကြီး
📖 အဆုံးအမဩဝါဒတော်များ အမှတ်(၁)
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image