◼ ဖခင်၏အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ရေပန်းစားနေသူ ကင်ဂျုံအန်၏ သမီး တရုတ်တွင် ပထမဆုံးနိုင်ငံတကာပွဲတက်ရောက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်း၏ဆယ်ကျော်သက် သမီးဖြစ်သူအား ယခုသီတင်းပတ် ပေကျင်းခရီးစဉ်သို့ ခေါ်ဆောင်လာခဲ့ပြီး သူမ၏ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်ကို မိတ်ဆက်ပေးခဲ့ပြီးနောက် နျူးကလီးယားပိုင်ဆိုင်သော နိုင်ငံမှ မိသားစုအစဉ်အဆက် အုပ်ချုပ်မှုတွင် သူမသည် ဖခင်ဖြစ်သူအရိုက်အရာကို ဆက်ခံသွားမည့်သူဖြစ်ကြောင်း ခန့်မှန်းချက်များကို ကြီးထွားလာစေခဲ့သည်။
လျှို့ဝှက်လွန်းသော မြောက်ကိုရီးယားက သူမ၏အသက်နှင့် နာမည်ကို မည်သည့်အခါကမျှ တရားဝင်ထုတ်မပြောခဲ့ပေ။ သို့သော် သူမသည် အမေရိကန် ဘတ်စကက်ဘောကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်း က ဂျူအေး ဟု ပြောကြားသူဖြစ်မည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိများက ယုံကြည်ကြသည်။ ရော့ဒ်မန်းသည် ၂၀၁၃ ခုနှစ် က ကင်ဂျုံအန်မိသားစုနှင့် အချိန်အတန်ကြာ နေထိုင်ခဲ့ဖူးပြီး ကလေးငယ် ဂျူအေး အား ပွေ့ချီခဲ့ဖူးကြောင်း ပြောပြခဲ့သည်။
ယနေ့နံနက်တွင် ပေကျင်း၌ ကျင်းပခဲ့သည့် ဒုတိယကမ္ဘာစစ်အဆုံးသတ်၌ ဂျပန်လက်နက်ချခဲ့ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ရန် ပြုံယမ်းမှ တရုတ်မြို့တော် ပေကျင်းသို့ခရီးသွားခဲ့သော သံချပ်ကာရထားပေါ်မှ ကင်ဂျုံအန် ဆင်းလာချိန်တွင် သမီးဖြစ်သူ ကင်ဂျူအေးက ဖခင်၏နောက်မှ လိုက်၍ဆင်းလာသည်ကို မြင်တွေ့ရသည်။
“ လောလောဆယ်မှာတော့ ကင်ဂျူအေးက မြောက်ကိုရီးယားရဲ့ နောက်တက်မယ့် ထိပ်သီးခေါင်းဆောင်အဖြစ်ရေပန်းစားနေပါတယ်” ဟု အမေရိကန်အခြေစိုက် Stimson Center မှ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းအရေး ကျွမ်းကျင်သူ မိုက်ကယ်မက်ဒန် က ပြောသည်။
ဂျူအေးက လက်တွေ့ကျသောသံတမန်ကျင့်ထုံး အတွေ့အကြုံများ ရရှိနေကြောင်း နှင့် ယင်းမှာ မြောက်ကိုရီးယား၏ ခေါင်းဆောင်သစ် သို့မဟုတ် အခွင့်ထူးခံအဖြစ် ၎င်းအတွက် အကျိုးရှိမည်ဖြစ်ကြောင်း မက်ဒန်က ဆက်ပြောသည်။
ကင်ဂျူအေးသည် ဖခင်ကင်ဂျုံအန်နှင့်အတူ မြောက်ကိုရီးယားပြင်ပသို့ ပထမဆုံးအကြိမ် လိုက်ပါခွင့်ရရှိခြင်းဖြစ်ကာ ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို ကင်ဂျုအန်ကိုယ်တိုင်နှင့် ၎င်း၏ဩဇာကြီးသော ညီမ ဖြစ်သူတို့ပင် မရခဲ့ဟု မက်ဒန်က ဆိုသည်။
“ သူက နိုင်ငံခြားခေါင်းဆောင်တွေ ၊ အခြား အခွင့်ထူးခံတွေနဲ့ နုတ်ဆက်တာ၊ ထိတွေ့ဆက်ဆံတာတွေလုပ်ရင်း တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရနေပါတယ်” ဟု အမေရိကန်ကျွမ်းကျင်သူက ပြောသည်။
ကင်ဂျုံအန်၏ ဖခင် ကင်ဂျုံအီးလ် က မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ဖခင်ကင်အီဆွန်းနှင့် ၁၉၅၀ ကျော်နှစ်များက နိုင်ငံရပ်ခြားသို့ သွားရောက်ခဲ့ဖူးသော်လည်း ကင်ဂျုံအန်က ဖခင် ကင်ဂျုံအီးလ် နှင့် နိုင်ငံခြားသွားဖူးသော အထောက်အထားမတွေ့ရကြောင်း လေ့လာသူများက ဆိုကြသည်။
၂၀၂၂ ခုနှစ်က ကြီးမားသောတိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ချိန်က ဖခင်ဖြစ်သူနှင့်အတူ လိုက်ပါခဲ့သော ကင်ဂျူအေးအား ကမ္ဘာကြီးသို့ ပထမဆုံးအကြိမ် ပြသချိန်အထိ မြောက်ကိုရီးယားနိုင်ငံတွင် တင်းကျပ်စွာ ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာက ကင်ဂျုံအန်၏သားသမီးများအကြောင်းကို တစ်လုံးတစ်ပါဒမှ ဖွင့်ဟခဲ့ ခြင်း မရှိခဲ့ပေ။ ကင်ဂျုံအန်၏ အခြားကလေးများ အကြောင်းကိုလည်း မသိသလောက်ပင်ဖြစ်သည်။
အသက် ၁၃ နှစ်ခန့်ရှိပြီဟု ခန့်မှန်းရသော ကင်ဂျူအေးသည် အရေးပါသော အခမ်းအနားများကို ပိုမိုတက်ရောက်လာခဲ့ပြီး မေလက ရုရှားသံရုံး၌ ကျင်းပသောအခမ်းအနားတွင် သံတမန်ရေး အစပြုမှု ရရှိခဲ့သည်။
ကင်ဂျူအေးသည် ၂ နှစ်၊ ၃ နှစ် အတွင်းမှာပင် စစ်ရေးနှင့်ဆက်စပ်သော နေရာများသို့ သွားရောက်ခြင်းမှသည် နိုင်ငံရေး နှင့် စီးပွားရေး အခမ်းအနားများသို့ ပိုမိုတက်ရောက်လာခဲ့ကြောင်း၊ ယင်းမှာ ဆက်ခံရေးအစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါက သူမ အတွက် များစွာ အထောက်အကူဖြစ်နိုင်ပြီး တရုတ်သို့ သွားရောက်ခြင်းကိုလည်း နိုင်ငံတကာအဆင့်သို့ စတင်မိတ်ဆက်ခြင်းအဖြစ် ရူမြင်ကြမည်ဖြစ်ကြောင်း Stimson Center မှ အခြား သုတေသီတစ်ဦးဖြစ်သူ ရေချယ်မင်ရောင်လီ က ပြောသည်။
ကိုးကား - Reuters
#နိုင်ငံတကာသတင်း
