အိန္ဒိယ ပန်ဂျပ်ပြည်နယ်မှာ ကျေးရွာ ၁၄၀၀ ကျော်ရေဘေးသင့်လို့ လူ ၃၀ သေ
ဒေလီ၊ စက်တင်ဘာ-၃-၂၀၂၅
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေကြောင့် လူ ၃၀ ထက်မနည်းသေဆုံးပြီး သုံးသိန်းငါးသောင်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြစ်တွေနဲ့ ရေလှောင်ကန်တွေရဲ့ ရေမျက်နှာပြင်က အန္တရာယ်ရှိအဆင့်နီးပါးထိ မြင့်တက်လာတဲ့အတွက် ပြည်နယ်အတွင်းက ခရိုင် ၂၃ ခုလုံးကို ရေကြီးဒဏ်သင့်ဒေသအဖြစ် အာဏာပိုင်တွေက ကြေညာထားပါတယ်။ ကျေးရွာပေါင်း ၁၄၀၀ မှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
မြေနိမ့်ပိုင်းနဲ့ ရေဘေးဒဏ်သင့်ဒေသတွေကနေ နှစ်သောင်း ခန့်ကို ရွှေ့ပြောင်းပေးခဲ့ပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် ခိုလှုံရန်နေရာနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကယ်ဆယ်ရေးစခန်းရာနဲ့ချီ ဖွင့်လှစ်ထားပါတယ်။
ပြည်နယ်အတွက် အရေးပေါ်အကူအညီတွေ တောင်းခံထားတယ်လို့ ပန်ဂျပ်ဝန်ကြီးချုပ် ကပြောပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်ကတည်းက ပြည်နယ်မှာကြုံတွေ့ဖူးတဲ့ အဆိုးရွားဆုံးရေကြီးမှုတွေလို့ ဆိုပါတယ်။ ပန်ဂျပ်ပြည်နယ်ကို အိန္ဒိယရဲ့ ရိက္ခာကျီလို့ လို့ အမြဲတမ်းခေါ်ဝေါ်ကြပြီး ဂျုံနဲ့ ဆန်လိုမျိုး အဓိကစားသုံးကုန်တွေအတွက် အဓိကထုတ်လုပ်ရာဒေသဖြစ်ပါတယ်။
ရေနစ်မြုပ်နေတဲ့ စိုက်ပျိုးမြေ ဟက်တာ တသိန်းခွဲနီးပါး သီးနှံပျက်စီးမှုတွေ အကြီးအကျယ်ရှိတယ်လို့ အစိုးရက ဆိုပါတယ်။ပန်ဂျပ်ရဲ့ လူဦးရေ ၃၀ သန်းထဲက လေးပုံတပုံဟာ စိုက်ပျိုးရေးပေါ်မှီခိုနေရတာကြောင့် ကျေးလက်ဒေသက လူတွေရဲ့ အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။
သည်းထန်စွာရွာသွန်းတဲ့မိုးကြောင့် ပြည်နယ်အတွင်းက Sutlej၊ Beas နဲ့ Ravi မြစ်တွေရဲ့ ရေမျက်နှာပြင်က အန္တရာယ်ရှိအဆင့်ထိ မြင့်တက်လာပြီး မြေနိမ့်ပိုင်းဒေသအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ရေလှောင်ကန်အများအပြားကလည်း ပြည့်လုနီးပါးရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ အိန္ဒိယတပ်မတော်၊ လေတပ်၊ ရေတပ်တို့နဲ့အတူ ကပ်ဘေးတုံ့ပြန်ရေးအဖွဲ့ပေါင်းများစွာ ပါဝင်နေပါတယ်။ ရဟတ်ယာဉ် ၃၅ စီးနဲ့ စက်လှေပေါင်း ၁၀၀ ကျော်ကို စေလွှတ်ထားပါတယ်။
အိန္ဒိယနယ်စပ်တလျှောက်ရေကြီးမှုတွေဟာ ပါကစ္စတန်ရဲ့ ပန်ဂျပ်ပြည်နယ်ကိုလည်း ထိခိုက်စေပြီး လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာ လူဦးရေ နှစ်သန်း ရေဘေးသင့်ခဲ့ပါတယ်။
