#အုန်းချိုမွှေးစိုက်နည်း
ယိုးဒယားအုန်းချိုမွှေးစိုက်နည်း
-အုန်းတစ်ပင်နဲ့ တစ်ပင်ကို ၆မီတာခြားစိုက်တာ အကောင်းဆုံးပါ ။(။၆မီတာ ခြားစိုက်မယ်ဆို ၁ဧက ကို ၁၁၁ပင် စိုက်နိုင်ပါတယ်)
အပင်အကွာအဝေးစိပ်လွန်းရင် အပင်အရှည်မြန်နိုင်ပြီး ဝေးလွန်းရင် မြေနေရာစားတဲ့အတွက် မစိပ်မကျဲ ၆မီတာနဲ့ အဆင်ပြေပါတယ် ။
-အုန်းပင် ၁၀၀ စိုက်မယ်ဆိုရင် မိမိစိုက်မယ့် အပင်အရေအတွက် ၁၀၀ အပြင် အပို ၁၀/၁၅ ပင်အရံဆောင်ထားသင့်ပါတယ် ။ အတွေ့အကြုံအရ အုန်းချိုမွှေးအပင်မြေချစိုက်တဲ့အခါ ခန့်မှန်းချေ အုန်းအပင်တစ်ရာမှာ ၁၀ ပင်ခန့် အဖတ်မတင်ဖြစ်တတ်ပါတယ် ။ဒါကြောင့် ၁၀၀ ပင်မှာ ၁၀ ပင်နှုန်းနဲ့ အရံဆောင်ယူထားသင့်တာပါ ။
-စိုက်နည်းကတော့ တောင်ဆုတ်လောက်အကျယ်အနက်တူးပြီး မြေအောက်ခံအဖြစ် နွားချေး ၊ မြေဆွေး စတာတွေထည့်ပြီးစိုက်နိုင်ပါတယ် ။
-အုန်းပင်စိုက်တဲ့အခါ မြုပ်ပြီးမစိုက်ရပါဘူး ။အုန်းတစ်လုံးချင်းစီကို အပင်အရင်းဖော်ပြီးစိုက်နိုင်ပါတယ် ။ အပင်အရင်းကို မြုပ်ပြီးစိုက်ရင် အပင်မတက်ဘဲဖြစ်နိုင်လို့ပါ ။
-အပင်ပြုစုဖို့ကတော့ အပင်စစိုက်တဲ့ ပထမနှစ်မှာ ရေလောင်းရုံအပြင် တခြားမြေသြဇာကျွေးဖို့ မလိုသေးပါဘူး ။ မြေသြဇာကျွေးနိုင်ရင်တော့ ကောင်းပါတယ် ။ နွေရာသီမှာတော့ ရေပြတ်လို့မရပါဘူး ။ရေမပြတ်လောင်းပေးရပါမယ် ။
-အုန်းပင်စိုက်တဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒီဂရီ စောင်းစိုက်ရပါမယ် ။ ဒါမှ အပင်ကို စောင်းစိုက်တဲ့အတွက်ကြောင့် တည့်အောင်ထောင်တက်ဖို့က အချိန်ယူရတာကြောင့် အပင်ပုသွားပါတယ် ။ အပင်အရင်းပင်စည်ကြီးပြီး အမြစ်များတာကြောင့် အရသာပိုစားကောင်းစေပါတယ် ။
-မြေသြဇာအတွက်နွားချေးက သိပ်အဆင်မပြေပါဘူး ။ မြက်စေ့တွေပါတဲ့အတွက် မြက်ထွက်တတ်လို့ပါ ။ဒါကြောင့် ကြက်ချေးကို ပိုအသုံးပြုသင့်ပါတယ် ။ ကောင်းတာကတော့ ကြက်ချေးနဲ့နွားချေးကို ပုံနှပ်ထားပြီးမှ အသုံးပြုတာ အကောင်းဆုံးပါ ။
-အပင်အတွက် မြေသြဇာကိုတော့ လေးလတစ်ကြိမ် ကျင်းပေါက်တွေဖောက်ပြီး ထည့်ပေးရပါတယ် ။ မြေသြဇာကျွေးပြီးရင် ရေကိုနိုင်နိုင်လောင်းပေးရပါမယ် ။ ရေမနိုင်ရင် ပူပြီး အပင်လောင်တတ်ပါတယ် ။
အသီးသီးလာတဲ့နောက်ပိုင်း ဓာတ်မြေသြဇာကို ၁၆ပတ်လည်နဲ့ တစ်ပင်မှာ တစ်ကီလိုနှုန်း ကူပေးရပါတယ် ။ ဒီတော့မှ အသီးကောင်းပါတယ် ။
-မျိုးမှန်မယ်ဆိုရင် အုန်းချိုမွှေးက ၃နှစ်ဆို အသီးစသီးပါပြီ ။ စသီးတဲ့နှစ်မှာ အသီးနည်းနိုင်ပါတယ် ။ဒါပေမယ့် ၄နှစ်သားလောက်ဆိုရင် အသီးကောင်းပါပြီ။ ရောင်းလို့လည်းရပါပြီ ။ အုန်းချိုမွှေးက နှစ် ၃၀/၄၀ သက်တမ်းရှိပါတယ် ။ ပထမ ၁၅ နှစ်အရွယ် ထိအသီးကောင်းပြီး နှစ် ၂၀ ကျော်ရင် အသီးနည်းပြီး အလုံးသေးလာတတ်ပါတယ် ။ ဒါကြောင့် ခုတ်ပြီး အသစ်ပြန်စိုက်ရပါတယ် ။
- နှစ် ၂၀လောက် အပင်သက်တမ်းရှိလာပြီဆို အပင်သစ်တွေ ကြားမှာဖြည့်စိုက်ထားဖို့လိုပါပြီ ။ အပင်သစ်တွေက အသီးသီးလာတဲ့အခါမှာတော့ အပင်အိုတွေကို ခုတ်ပစ်ရပါမယ် ။ဒါမှ ဝင်ငွေအဆက်မပြတ်ရမှာပါ ။
-အုန်းချိုမွှေး အသီးသီးတဲ့အခါ ရက် ၂၀ လောက် တစ်ခိုင်ခုတ်ရပါတယ် ။ သက်တမ်းရင့်လာတဲ့အခါ ၁၅ ရက်တစ်ခါ ခုတ်ရလာပါမယ် ။မြေသြဇာနဲ့ ရေကို ပုံမှန် အဆက်မပြတ်ပေးနေရပါမယ် ။ ဒါမှ အသီးကောင်းမှာ ။
အုန်းချိုမွှေးထွက်နှုန်း
-တစ်နှစ်ကို ၁၈ ခိုင်ရပါမယ် ။ အနည်းဆုံးတစ်ခိုင်မှာ ၇ လုံးနဲ့တွက်ရင်တောင် အုန်းချိုမွှေး တစ်ပင်ကနေ တစ်နှစ်ကို ၁၂၆ လုံးရပါမယ် ။ နွေပိုင်းမှာအသီးနည်းတတ်တာကြောင့် စျေးကောင်းပါတယ် ။ အသီးများတဲ့ မိုးရာသီမှာတော့ စျေးကျလေ့ရှိပါတယ် ။
အုန်းချိုမွှေး ယခုလက်ရှိမြန်မာပြည်စျေးကွက်
-အုန်းချိုမွှေးဟာ ပြည်ပပို့ကုန်တစ်ခုအဖြစ် ရပ်တည်နေပါတယ် ။ ထိုင်းနိုင်ငံကို တင်သွင်းတာများမှာပါတယ် ။
ပြည်တွင်းရောင်းချတာတွေလည်း ရှိနေပါတယ်။
မြန်မာပြည် အထက်ပိုင်းကနေ အောက်ပိုင်းအထိ အုန်းချိုမွှေးကုန်သည်တွေ ပေါပါတယ် ။
မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ အုန်းချိုမွှေး စိုက်ပွားဖြစ်စိုက်ပျိုးမှုတွေ များလာတာကြောင့် ရေရှည်မှာ အလားအလာရှိတဲ့ မျိုးတစ်မျိုးလို့ ယူဆရပါတယ် ။
အများစုကတော့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကနေ သယ်ယူရောင်းချ ကြတာများပါတယ် ။ နယ်စပ်မြို့တွေကနေ တစ်ဆင့်သယ်ယူရောင်းကြတာမျိုးလည်း ရှိပါတယ် ။
အချိန်ရော ငွေအရင်အနှီးပါ မနည်းတာကြောင့် စီးပွားဖြစ်ပဲစိုက်စိုက် အိမ်စားပဲစိုက်စိုက် စနစ်တကျရွေးချယ်ဝယ်ယူသင့်ပါတယ်

imageimage