မိမိတို့ တစ်မှတ်ထက်ပိုပြီး မထိုက်တန်ဘူးလို့ ဟန်ဆီဖလစ်ခ် ပြောကြား
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဗယ်လက်ကာနိုနဲ့ပွဲမှာ မိိမိတို့ တစ်မှတ်ထက်ပိုပြီး မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ဘာစီလိုနာအသင်းက ယမားလ်ရဲ့ ပယ်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဖရန်ပီရက်ဇ်က ပြန်လည်ချေပသွားခဲ့တာကြောင့် (၁-၁)ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဗယ်လက်ကာနိုအသင်းကတောင် ဂိုးပေါက်တည့် အခွင့်အရေးတွေ ပိုရခဲ့ပြီး ဘာစီလိုနာဂိုးသမား ဟွမ်ဂါစီယာ လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်ခဲ့ရတာကြောင့် ဟန်ဆီဖလစ်ခ်က အသင်းရဲ့စွမ်းဆောင်ရည်က နိုင်ပွဲရဖို့ မထိုက်တန်ခဲ့ဘူးလို့ ပြောကြားခဲ့တာပါ။
''တစ်မှတ်က ကောင်းကောင်းလုံလောက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ တစ်မှတ်ထက်ပိုပြီး မထိုက်တန်ခဲ့ပါဘူး။ ဟွမ်ဂါစီယာ၊ အဲရစ်နဲ့ ခရစ္စတန်ဆန်တို့က ကောင်းပါတယ်။ ပြဿနာက ကွင်းလယ်နဲ့ တိုက်စစ်မှာပါ။ ကျွန်တော်တို့ အမှားတွေအများကြီး ကျူးလွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုရလဒ်ကြောင့် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပြီး အဆင့်(၄)နေရာ ရောက်ရှိခဲ့ပါတယ်။
Photo: Getty Images, X

