ကျွန်မအဖေပြောတတ်တဲ့.. လက်သုံး စကားတစ်ခွန်း ရှိပါတယ်..ဖီလင်လာတယ်..ဖီလင်မလာဘူး.. စသည်ဖြင့်သူပြောတတ်တယ်..
ဒီစာအုပ်ကလေး..လက်ထဲရောက်လာတော့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ..အပြီးဖတ်ဖြစ်လိုက်ပါတယ်..ဖီလင်လာတယ်ပဲ ဆိုကြပါစို့..
ဒီစာအုပ်ထဲကအဖြစ်အပျက်တွေ..အတော်များများဟာ ကျွန်မငယ်ငယ်ကတည်းက..ကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေနဲ့ အတော်တူပါတယ်.. စာအုပ်ထဲကဝတ္ထုတိုလေးတွေ အတော်များများမှာ သင်္ဘောသားတွေရဲ့ ဘဝတွေ ထင်ဟပ် နေတာကိုတွေ့ရတယ်..
ကျွန်မအဖေက ရာထူးအနိမ့်စား သင်္ဘောသားတစ်ဦးပါပဲ ..သင်္ဘော လိုက်ပြီးကျွန်မတို့ကို ပံ့ပိုးပေးခဲ့တဲ့အတွက် သူ့ကျေးဇူးတွေ..အများကြီးရှိပါတယ် ..သနားစရာကောင်းတာက သူ့ဘဝအချိန်အတော်များများဟာ..ရေထဲမှာ ကုန်ဆုံးခဲ့ရပေမဲ့.. သူကရေကို ..သံရောစဉ်မရှိဘူး.. ရေတွေကိုအမြဲမြင်နေရတာ တစ်ကယ်ကိုကျွတ်တာပဲလို့သူပြောတယ်..
အဖေပြန်ရောက်လာရင် ပျော်ရွှင်တက်ကြွပြီး သူ့စိတ်ကလေးတွေ ငြိမ်သက် လုံခြုံ
ခြင်းရှိနေတာ... တစ်ခေါက်တော့ပြီးပြန်ပြီလို့...စိတ်ချနေတာ.. ပါလာတဲ့လက်ဆောင်ကလေးတွေထုတ်ပြရင်း.. ရောက်ခဲ့တဲ့နေရာကအကြောင်းတွေ.. ဝေဝေဆာဆာပြောပြရင်း သူ့ကိုယ်သူဂုဏ်ယူနေတာ..
ကျွန်မသိတယ်..ကျွန်မတို့လည်းပျော်ကြတယ်
..ဒါပေမဲ့ကျွန်မသိတတ်လာတဲ့အချိန်ကျတော့ အဖေ..သင်္ဘောကပြန်လာတိုင်း..သူ့လက်ချောင်းကလေးတွေ..လက်သည်းလေးတွေမှာဆီချေးလေးတွေ..မပြောင်တာကို သတိထားမိတယ်...အဖေ့ကိုမေးခွန်းမထုတ် မိပေမဲ့ အဖြေကိုသိနေခဲ့ပြီး..စိတ်မကောင်းဖြစ်ခဲ့ရတယ်..အဖေ ပင်ပန်းခဲ့ရတာကိုသိတယ်..
ဒီစာအုပ်ကလေးကိုဖတ်ရတော့ အဲဒီခံစားချက်တွေဟာ..ရင်ထဲကို..ဒိုင်းဒိုင်းဒိုင်းဒိုင်းနဲ့ ဝင်လာတယ်.. ကျွန်မအဖေလို..သင်္ဘောပေါ်က လူတွေရဲ့အကြောင်းကို ဖတ်ရတော့ မျက်ရည်ကျမိတယ်.. ဒီအကြောင်းတွေဆက်ပြီးမသိချင်ပေမဲ့ကျွန်မက ဇွတ်နှစ်ပြီးဖတ်နေခဲ့မိတယ်..
စက်ချုပ်တို့..သူကြီးတို့.. ကုန်းပတ်တိုက်ရတာတွေ.. ရိုက်ကြေးဆိုတဲ့အကြောင်းတွေ.. ဖဦးထုပ်တွေ..ရွှေတွေ..ကကြီးကောင်တွေ ကိုရီးယားချဉ်ဖတ်တွေ.. အဖေနောက်ဆုံး လိုက်ခဲ့တဲ့သင်္ဘောပေါ် မှာ.. အကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ကိုရီးယားတွေ.. ဒီအကြောင်းတွေ ဖတ်ရတာ ကျွန်မအဖေနဲ့ ပြန်တွေ့ပြီးသူပြောတာလေးတွေ နားထောင်လိုက်ရသလို လွမ်းသွားခဲ့ရတယ်..
တစ်ခေတ်တစ်ခါက သတို့သမီးတွေရဲ့အိမ်မက်က သတို့သားဟာသင်္ဘောသား/ သင်္ဘောအရာရှိ ဖြစ်ရမယ်.. တိုယိုတာကိုရိုလာကား/ ဆန်နီပစ်ကပ်ကား ဝယ်လာနိုင်ရမယ်.. အင်းယားလိပ်မှာမင်္ဂလာဆောင်နိုင်ရမယ်.. ဒါဆိုရင်ဘဝ.. တစ်ခုရဲ့အစဟာ..ပြည့်စုံပြီလို့ လူတွေက အမြင်နဲ့အားကျကြလေ့ရှိတယ်..
တကယ်တော့အသက်နဲ့ရင်းပြီး ရေထဲမှာ အလုပ်လုပ်ရတဲ့ ဘဝတွေပါပဲ ..သူတို့မှာ မိသားစုကို ပြန်မသိစေချင်တဲ့ အကြောင်းတွေအများကြီးရှိတယ် .. ပါလာသမျှကုန်ခါနီးပြီဆိုရင် သင်္ဘောကပြန်ခေါ်ဖို့ကိုမျှော်ရပြီ ..
ခေါ်ပြီဆိုရင်လည်း တစ်ခါတလေ..သုံးရက်လောက်အတွင်းမှာပဲ..အကုန်လုံး ပစ္စည်း
တွေ သိမ်းကြုံးထည့်ရင်း..
မျက်နှာလေးငယ်ငယ်နဲ့ အဖေက ပြန်ထွက်သွားရလေ့ရှိတယ်..
ကျွန်မအဖေက ငါးဖမ်းသင်္ဘောလည်း..လိုက်ဖူးတော့ ငါးတွေများကြီးပါလာတဲ့ထဲကနေ ..ငါးကြီးကြီးတစ်ကောင်ကို ယူပြီးပြန်လွှတ်ပေးလိုက်တယ်.. ဒါကမေမေ့အတွက် ..ငါးသေးသေးလေးတစ်ကောင်ကိုယူပြီးပြန်လွှတ်ပေးလိုက်တယ်.. ဒါက မွန်မွန့် အတွက်.. သူတို့မိသားစုတွေလည်းပြန်ဆုံကြပါစေ လို့...ဆုတောင်းတယ်တဲ့.. ပြောခဲ့တာကို မှတ်မိသေးတယ် ..
ခုပြန်စဉ်းစားကြည့်တော့ အဖေဟာ ..သူတတ်နိုင်သလောက်ကုသိုလ်လေးတွေ လုပ်ခဲ့သေးတာပဲလို့..သနားစိတ်ဖြစ်လာရပြန်ပါတယ် ..
စာအုပ်ထဲက ဝတ္ထုတိုလေးတွေ အကြောင်းကိုတော့ စိတ်ဝင်စားသူများကိုယ်တိုင်ဖတ်ကြည့်မှပဲ..ခံစားနားလည်နိုင်ပါလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောသားတွေရဲ့နောက်ကွယ်က ဘဝတွေ..ခံစားမှုတွေကို ရေးပေးခဲ့တဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်..
ကျွန်မတို့လို..သက်ဆိုင်တဲ့မိသားစု အသိုင်းအဝိုင်းက လူတွေအတွက်
ဒီအကြောင်းတွေကို သိသင့်တယ်လို့ ယူဆပါတယ်..ကျွန်မအတွက်
ကတော့..ခံစားချက်တွေတိုက်ဆိုင်ပြီး တကယ်ကိုဖီလင်လာခဲ့တယ်စာအုပ်ပါပဲ..
ကျွန်မနာမည်ကိုထိုးပြီး တခုတ်တရလက်ဆောင်ပို့ပေးတဲ့..စာရေးဆရာဆိုတာ ဆယ်ယောက်တောင်မရှိသေးပါဘူး.. ကျွန်မကိုလည်း စာရေးသူတစ်ယောက်အဖြစ်အသိအမှတ်ပြုပြီး ဒီစာအုပ်ကလေးကိုပို့ပေးတဲ့အတွက်..ကျေးဇူးတင်စွာနဲ့..တန်ဖိုးထား ဖတ်မိပါတယ်..
#ငဒိန်း
#လှိုင်းပေါ်ကလူ
#မွန်ဟော်စီ
#bookreview
#booksiveread
