◼ယူကရိန်းငြိမ်းချမ်းရေးအတွက် နေတိုးအဖွဲ့ချဲ့ထွင်မှုကို ဖြေရှင်းရမည်ဟု ပူတင်ပြော
ယူကရိန်းအတွက် တာရှည်ခံသော ငြိမ်းချမ်းရေးရရှိရန် နေတိုးအဖွဲ့အား အရှေ့ဖက်သို့ ချဲ့ထွင်လာခြင်းအား ကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့နှင့် စကားပြောပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ ပြောကြားသည်။
အနောက်တိုင်း က ရုရှားအိမ်နီးချင်း ယူကရိန်းအား ၎င်းတို့၏ စက်ဝိုင်းအတွင်း ထည့်သွင်းရန်ဦးစွာ ကြိုးစားခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်ဦးဆောင်သောနေတိုး စစ်ရေးမဟာမိတ်အတွင်းသို့ သိမ်းသွင်းရန် ကြိုးစားခဲ့ကြောင်း ပူတင်က ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားသည်။
“ယူကရိန်းအရေးဖြေရှင်းမှု ကြာရှည်ခံဖို့နဲ့ ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် ကျွန်တော်အခုပဲဖော်ပြခဲ့ပြီး အကြိမ် ကြိမ်လည်းပြောကြားခဲ့တဲ့ ပြဿနာရဲ့ အရင်းအမြစ် အကြောင်းရင်းတွေကို ဖယ်ရှားပစ်ရပါမယ်။” ဟု ပူတင်က ပြောကြားသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးပြင်ပတွင် တရုတ်သမ္မတရှီကျင့်ဖျင်ဆီ လမ်းလျှောက် လာစဉ် သမ္မတပူတင် နှင့် ဝန်ကြီးချုပ်မိုဒီ တို့က လက်တွဲထားခဲ့ကြသည်။
စကားပြန်များနှင့် စကားပြောချိန်တွင်လည်း သုံးဦးစလုံး ပြုံးရွှင်နေကြသည်ကို တွေ့ရကြောင်း ရိုက်တာသတင်းက ဖောပြသည်။
“လုံခြုံရေးနယ်ပယ်မှာ သင့်တင့်တဲ့မျှခြေကို ပြန်ပြီးထားရှိသွားရပါမယ်။” ဟု နေတိုးအဖွဲ့နှင့် ဥရောပလုံခြုံရေး နှင့်ပတ်သက်၍ ရုရှား၏တောင်းဆိုမှုအများအပြားကို ရည်ညွှန်း၍ ပူတင်က ပြောသည်။
ဩဂုတ်လက အလာစကာထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်းတို့ကြား ရရှိခဲ့သော နားလည်မှုများက ယူကရိန်းငြိမ်းချမ်းရေးအတွက် လမ်းပွင့်သွားစေခဲ့ကြောင်း နှင့် ယင်းအကြောင်းအရာများကို ရှန် ဟိုင်းမြို့မှ ဒေသဆိုင်ရာထိပ်သီးပွဲ တက်ရောက်လာသော ခေါင်းဆောင်များနှင့် ဆွေးနွေး သွားမည် ဖြစ် ကြောင်းလည်း ပူတင်က ပြောသည်။
ယူကရိန်းအကျပ်အတည်းဖြေရှင်းနိုင်ရေး ရည်ရွယ်၍ တရုတ် နှင့် အိန္ဒိယတို့ထံမှ ကြိုးပမ်းမှုနှင့် အဆိုပြုချက်များကို မိမိတို့အလွန်တန်ဖိုးထားကြောင်းလည်း ရုရှားသမ္မတ က ဖိုရမ်၌ ပြောသည်။
အလာစကာမှ ရုရှား-အမေရိကန် အစည်းအဝေးတွင် ရရှိခဲ့သော နာလည်မှုများမှာလည်း အထက်ပါ ရည်မှန်းချက်ကို အားဖြည့်ပေးမည်ဟု မျှော်လင့်ကြောင်း ပူတင်က ဆက်ပြောသည်။
ဒေါ်နယ်ထရန့် နှင့် ဆွေးနွေးပွဲတွင် ရရှိခဲ့သောအောင်မြင်မှုများ နှင့် ပဋိပက္ခကို ဖြေရှင်းနိုင် ရေးလုပ် ဆောင်နေပြီဖြစ်သော လုပ်ငန်းများကို ရှီကျင့်ဖျင်အား အသေးစိတ်ပြောပြထားပြီးဖြစ်ကြောင်း ပူတင်က ပြောကြားပြီး တရုတ်ခေါင်းဆောင် ၊ အခြား ခေါင်းဆောင်များနှင့် သီးသန့်ပြုလုပ်သောဆွေးနွေးပွဲများတွင် ပိုမို၍အသေးစိတ် တင်ပြသွားမည်ဖြစ်ကြောင်းပူတင် က ဆက်လက်ပြောကြားသည်။
ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံစိမ်းအများဆုံး တင်ပို့သောနိုင်ငံဖြစ်ပြီး တရုတ် နှင့် အိန္ဒိယတို့က အကြီးမားဆုံး ဝယ်ယူအသုံးပြုသူများဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်က အိန္ဒိယအပေါ် ကြီးလေးသောအခွန်များ ချမှတ်ထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
