1 ပတ် - ဘာသာပြန်ပါ။

အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး ဆီဘောက်ဆာကား ၁ စီးက လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မှု မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ ၁ ဦး ရှာမရဘဲ ပျောက်နေ
ရန်ကုန်၊ စက်တင်ဘာ ၁
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး ဆီဘောက်ဆာကား ၁ စီး လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်ရာ မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်း ကျောက်စိမ်းဘုရားအနီးတွင် ဆီဘောက်ဆာ ကား ၁ စီးက လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို ဖြစ်စဉ် အတွင်း လူ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူများကို လူမှုကူညီကယ်ဆယ်ရေး အသင်းများက မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အမရပူရ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်လိုက် ကာ လက်ရှိချိန်ထိ ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိပြီး ကားအောက်တွင် ပိမိနေသည်ဟု ယူဆရသော ပျောက်ဆုံးနေသူ ၁ ဦးကိုလည်း ထုတ်ယူနိုင်ရန် ကူညီမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
"သေဆုံးသူ ၂ ဦးက လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ သူတွေတော့ ဖြစ်နိုင်တယ်။ ကျနော်တို့လည်း အတိအကျမသိရသေးဘူးပေါ့။ ကျနော်တို့လည်း အခုချိန်ထိ ကယ်ဆယ်ရေးမပြီးသေးတော့ အတိအကျမပြောနိုင်သေးတာပါ" ဟု မန္တလေးတိုင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

image