1 w - Translate

◼ မြန်မာဝတ်စုံဝတ်ဖြင့် မာရသွန်ဝင်ပြိုင်သည့် မြန်မာအမျိုးသမီး ဂင်းနစ်မှတ်တမ်းဝင်
ဩစ‌တြေး‌‌လျနိုင်ငံ ဆစ်ဒနီမြို့၌ ယမန်နေ့(ဩဂုတ် ၃၁ ရက်)ကကျင်းပသည့် မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာရိုးရာဝတ်စုံဝတ်ဆင်ပြီး လေးနာရီကျော်ကြာပြေးကာပန်းဝင်ခဲ့သည့် မမြင့်မိုရ်ဦးသည် ယင်းဝတ်စုံဖြင့်အမြန်ဆုံးပြေးနိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံရကြောင်း ဗြိတိန်အခြေစိုက် ဂါးဒီးယန်းသတင်းဌာနကရေးသားဖော်ပြသည်။
မမြင့်မိုရ်ဦးသည် ၄၂ ကီလိုမီတာ(၂၆ မိုင်ကျော်)မာရသွန်ခရီးကို ရင်ဖုံးအင်္ကျီ၊ ထဘီဝတ်ဆင်ခဲ့သည့်အပြင်၊ ပိတောက်ပန်းများပန်ဆင်ကာ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်ပြီး အချိန်လေးနာရီ ၁၂ မိနစ်၊ ၁၉ စက္ကန့်အကြာတွင်ပန်းဝင်နိုင်ခဲ့သည်။
အဆိုပါမာရသွန်ခရီးမိုင်အရှည်မှာ ရန်ကုန်မြို့လှော်ကားအနီးရှိကွန်ပျူတာတက္ကသိုလ်မှ ဆူးလေစေတီအထိ မြေပုံပေါ်တွင်အဖြောင့်တိုင်းသည့်အကွာအဝေးနှင့်ညီမျှသည်။
ဆစ်ဒနီပြိုင်ပွဲ၌ဗိုလ်စွဲခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား အမျိုးသားအပြေးသမားနှင့် နယ်သာလန်နိုင်ငံသူအမျိုးသမီးအပြေးသမားတို့မှာ နှစ်နာရီကျော်အကြာတွင်ပန်းဝင်ကာ ချန်ပီယံဖြစ်ခဲ့သည်။
မမြင့်မိုရ်ဦးအနေဖြင့် ယခုကဲ့သို့မြန်မာဝတ်စုံဝတ်ဆင်ပြီး မာရသွန်ပြိုင်ပွဲဝင်ကာ ဂင်းနစ်မှတ်တမ်း၌ ပါဝင်နိုင်ရေးကြိုးပမ်းမှုသည် မြန်မာနိုင်ငံ၏လက်ရှိအကျပ်အတည်းကို နိုင်ငံတကာမှအာရုံစိုက်မှုရစေရန်ရည်ရွယ်ကြောင်း ဂါးဒီးယန်းသတင်းဌာနကဖော်ပြသည်။
ဆစ်ဒနီမာရသွန်ပြိုင်ပွဲမှထုတ်ပြန်သည့် မှတ်တမ်းအချက်အလက်တွေအရ မမြင့်မိုရ်ဦးသည် ယင်းပြိုင်ပွဲတွင် နောက်ဆုံးပန်းဝင်ခဲ့သူ ၃၂,၀၀၀ ကျော်အနက် အဆင့် ၁၅၉၈၆ ရခဲ့သည်။ ပန်းဝင်နိုင်ခဲ့သည့် အမျိုးသမီးများစာရင်းအရ လူဦးရေ ၁၁၄၉၀ အနက် အဆင့် ၃၈၃၆ ဖြစ်သည်။
မြန်မာဝတ်စုံဖြင့် မာရသွန်ပြိုင်ပွဲဝင်ရခြင်းကြောင့် အနည်းငယ်အခက်တွေ့ရပြီး သူ၏ယခင်အပြေးစံချိန်များထက်လျော့ကျသွားသကဲ့သို့ ပြေးနေချိန်အတွင်းမြန်မာဝတ်စုံကိုစိတ်ဝင်စားသဖြင့် မေးမြန်းလာမှုများကိုရှင်းပြရသည့်အတွက် ပန်းဝင်ရန်အချိန်ကြာမြင့်ခဲ့သည်ဟု မမြင့်မိုရ်ဦးက ပြည်ပမီဒီယာတစ်ခုကို ပြောကြားထားသည်။
မမြင့်မိုရ်ဦးသည် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုဦးဆောင်ခဲ့သူ ဦးကျော်သူနှင့်ဒေါ်ရွှေဇီးကွက်တို့၏ သမီးဖြစ်ပြီး ဩစတြေးလျနိုင်ငံ၌ မိသားစုနှင့်အတူအခြေချနေထိုင်နေသူဖြစ်သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image