#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ စကော့ညီနောင်သုံးဦး ပစိဖိတ်သမုဒ္ဒရာကို အမြန်ဆုံးစံချိန်ဖြင့် ဖြတ်သန်း
စကော့တလန်နိုင်ငံသား ညီအစ်ကိုသုံးဦးတို့သည် ဩဂုတ် ၃ဝ ရက်တွင် ပစိဖိတ်သမုဒ္ဒရာကို လှေငယ်တစ်စင်းဖြင့် အမြန်ဆုံးလှော်ခတ် ဖြတ်သန်းနိုင်သူများအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရ သည်။
အီဝန်၊ ဂျေမီနှင့် လက်ချ်လန်မက္ကလိန်း အမည်ရှိ စကော့ညီနောင် သုံးဦးတို့သည် ပီရူးနိုင်ငံနှင့်ဩစတြေးလျနိုင်ငံအကြား မိုင် ၉ဝဝဝ ကျော်ရှည်လျားသော ပစိဖိတ်သမုဒ္ဒရာဖြတ်ခရီးစဉ်ကို ၁၃၉ ရက် ၅ နာရီနှင့် ၅ မိနစ်ကြာ အချိန်ယူလှော်ခတ်၍ ဖြတ်သန်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ စကော့ညီနောင်သုံးဦးတို့သည် ၎င်းတို့၏ ပစိဖိတ်သမုဒ္ဒရာဖြတ် ခရီးစဉ်ကို ပီရူးနိုင်ငံလီမာမြို့တော်မှ ဧပြီ ၁၂ ရက်တွင် စတင်ခဲ့ပြီး ဩဂုတ် ၃ဝ ရက်တွင်ဩစတြေးလျနိုင်ငံ ကန်းစ်မြို့သို့ ရောက်ရှိခဲ့ကြသည်။
ပစိဖိတ်သမုဒ္ဒရာကို လှေငယ်ဖြင့်အမြန်ဆုံး လှော်ခတ်ဖြတ်သန်းနိုင်သူများအဖြစ် မှတ်တမ်းဝင်ရန် စကော့ညီနောင်သုံးဦးတို့သည် တစ်ရက်လျှင် ၁၄ နာရီအထိ အချိန်ပေး၍ လှေကို လှော်ခတ်ခဲ့ရ သည်။ စကော့ညီနောင် သုံးဦးတို့သည် မည်သည့် အထောက်အကူပြု သင်္ဘောမျှပါဝင်ခြင်းမရှိဘဲ ပစိဖိတ်သမုဒ္ဒရာကို အချိန်အမြန်ဆုံး လှော်ခတ်ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့မတိုင်မီ ပစိဖိတ်သမုဒ္ဒရာကိုလှေငယ်ဖြင့် အမြန်ဆုံးလှော်ခတ် ဖြတ်သန်းခဲ့သူအဖြစ် စံချိန်တင်ထားသူမှာ ရုရှားနိုင်ငံသား ဖီဒေါလ်ကိုယူကော့ဗ်ဆိုသူဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် အထက်ပါစံချိန်ကိုတင်ခဲ့ခြင်းဖြစ်သည်။
ရိုက်တာ
