ရုပ်လှချင်ရင် ဂုဏ်တော်ပွားပါ
တစ်ကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင် မကပါဘူး။ ရုပ်ကိုလည်းလှစေတာပါ။ ဂုဏ်တော်ကို နေ့စဉ်ပွားနေရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာမယ်။
စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သွေးသားတွေပြောင်းလဲကြည်လင်လာတဲ့အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ ရုပ်ကိုလှလို ဂုဏ်တော်ကို ပွားကိုပွားရမယ်။ ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့်ရုပ်ကိုပြောင်းလဲယူလို့ရပါတယ်။
ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာရှိပါတယ်။ ဆရာတော်ဘုရားက သူ့ဘဝမှာ တစ်ဘဝတည်းနဲ့ ရုပ်သုံးမျိုး ထွက်နေပါတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ ပထမအရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝ အသက်၂၀အရွယ်ထိ မျက်နှာက ကြည်ပြီး ချိုနေပါတယ်တဲ့။
ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်၂၀ကျော် ဘဝမှာ ဆရာတော်ဘုရားရဲ့ မိဘတွေက စီးပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။ အဲဒီတော့ ဆရာတော်ဘုရားရဲ့ မိဘတွေကို ပတ်ဝန်းကျင်က ခပ်တင်းတင်း ခပ်ထန်ထန် ဆက်ဆံလာပါတယ်။ မိဘတွေကို ဆက်ဆံရုံတင်မကပါဘူး ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။
တစ်ဆင့်တက်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့် ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကို ခပ်ထန်ထန် တည်ထား တင်းထားလိုက်ပါတယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားရဲ့ မျက်နှာတော်က အမြဲတမ်း တင်းနေပါတော့တယ်။
ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်လေးလည်း ရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာလေးကို ပြန်ကြည့်ပြီး “ဟယ် ငါ့မျက်နှာကတင်းနေတာပဲ မဖြစ်သေးပါဘူး။ ငါ့ရဲ့ ဥပဇ္စျာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းမဟာဂန္ဓာရုံဆရာတော်ဘုရားက ဗုဒ္ဓါနုဿတိဘာဝနတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင်လာအောင်လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓါနုဿတိ ဘာဝနာပွားပြီးတော့မှ မျက်နှာကြည်လင်အောင် ပြန်လုပ်အုံးမှပဲ” လို့ ဆိုပြီး ဗုဒ္ဓါနုဿတိကို ပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီး ဝင်းလာခဲ့တယ်။
ဘဝတစ်ခုထဲမှာ ပထမအရွယ်မှာ မျက်နှာက ချိုနေတယ်။ ဒုတိယအရွယ်မှာ မျက်နှာက တင်းလာတယ်။ တတိယအရွယ်မှာ မျက်နှာက ပြန်ချိုလာတယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားက ကိုယ်တိုင်ပြောပြထားတာပါ။ ဆရာတော်ဘုရားရဲ့ ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။ သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာကချိုနေပါတယ်။ သက်တော်အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။ သက်ကြီးပိုင်း ရောက်လာတော့ ဆရာတော့်မျက်နှာတော်က ချိုပြီးတော့ ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကိုအေးချမ်းသွားတော့တာပါ။ ညောင်ပင်အောက်မှာ ပလ္လင်ခွေထိုင်ပြီး ရိုက်ထားတဲ့
ဓာတ်ပုံဆို မြင်ရသူတိုင်း စိတ်အေးချမ်းသွားကြတာပါ။
ဆရာတော်ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကို ပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင် ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာတော်ကို ကြည့်ရင် သိနိုင်ပါတယ်။ နောက် ဝိပဿနာအခြေခံသမာဓိကို ရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင် ဥပစာရ သမာဓိထိ ရပါတယ်။ ခဏိက သမာဓိရရင်ပဲ ဝိပဿနာတရားအားထုတ်လို့ ရပြီ ဆိုတော့ ဥပစာရ သမာဓိဆို အထူးပြောစရာမလိုတော့ပါဘူး။ ပ်ိုလို့တောင် ကောင်းပါသေးတယ်။ ဝိပဿနာတရား အားထုတ်သူတွေအတွက်လည်းပဲ အလိုအပ်ဆုံး ဝိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ။
🖋️ ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
