◼ ယီမင်နိုင်ငံမှဟူသီအစိုးရဝန်ကြီးချုပ် အစ္စရေးတိုက်ခိုက်မှု၌ သေဆုံး
ယီမင်နိုင်ငံမှ ဟူသီတို့ဖွဲ့စည်းထားသော အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီး အများအပြားသည် မြို့တော် ဆာနားအပေါ် အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံး သွားခဲ့ကြောင်း ဟူသီထိပ်သီးနိုင်ငံရေးကောင်စီအကြီးအကဲ က ယမန်နေ့ တွင်ပြောကြားသည်။
ယင်းမှာ ဟူသီအရာရှိကြီးများ သတ်ဖြတ်ခံရသည့် ပထမဆုံးတိုက်ခိုက်မှုဖြစ်သည်။
ကြာသပတေးနေ့ တိုက်ခိုက်မှုတွင် အခြားလူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း မာဒီအယ်လ်မာရှက် က ထပ်လောင်းပြောကြားပြီး အသေးစိတ်ကိုမူ မပြောပေ။
၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှုတွင် အီရန်နှင့်ပေါင်းစည်းထားသော ဟူသီအဖွဲ့၏ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး နှင့် အခြား အကြီးတန်းအရာရှိကြီးများကို ပစ်မှတ်ထားခဲ့ကြောင်း နှင့် ရလဒ်ကို အတည်ပြုနေဆဲဖြစ်ကြောင်း အစ္စရေးတို့က သောကြာနေ့တွင် ပြောကြားသည်။
သေဆုံးသူများတွင် ဟူသီကာကွယ်ရေးဝန်ကြီးပါဝင်ကြောင်းကို မာရှက်၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာမပြောခဲ့ပေ။
အာမက်ဂါလက်အယ်လ်ရာဝီအား လွန်ခဲ့သောတစ်နှစ်က ဝန်ကြီးချုပ်အဖြစ်
ခန့်အပ်ခဲ့ခြင်းဖြစ်သော်လည်း အစိုးရအတွင်း၌ အမှန်တကယ်အာဏာရှိသော ခေါင်းဆောင်မှာ ၎င်း၏လက်ထောက် မိုဟမ်မက်မစ်တာဖြစ်ပြီး ၎င်းအား ယမန်နေ့က ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ရေး အပ်နှင်းခဲ့သည်။
ရာဝီသည် ဟူသီခေါင်းဆောင်ပိုင်းအတွင်းစည်း၌ ပါဝင်သူမဟုတ်ဘဲ မညကာမတ္တ ခေါင်းဆောင်အဖြစ်သာ အများအားဖြင့် ရှုမြင်ခဲ့ကြသည်။
ထို့ပြင် ရာဝီသည် ၂၀၁၄ ခုနှစ်က ဟူသီတို့က ရာထူးမှဖြုတ်ချခဲ့သော ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေးနှင့် မဟာမိတ်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဟူသီအဖွဲ့နှင့် ပူးပေါင်းလာခဲ့သူလည်းဖြစ်သည်။
ထိုအချိန်ကတည်းက ယီမင်သည်လည်း ပြည်တွင်းစစ်အတွင်းသို့ သက်ဆင်းခဲ့ကာ ဆာနားမှ ဟူသီ အစိုးရနှင့် အေဒင်မြို့မှ ဆော်ဒီအာရေးဗျနိုင်ငံက ကျားကန်ပေးထားသော အစိုးရ ဟူ၍ စင်ပြိုင်အစိုးရနှစ်ခု ရှိနေခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဂါဇာမှ ပါလက်စတိုင်း ဟားမားစ်အဖွဲ့အပေါ် အစ္စရေးတို့၏ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းတို့နှင့် သွေးစည်းညီညွတ်မှုပြသမှု ဟု ၎င်းတို့ပြောသော လုပ်ရပ်များတွင် ဟူသီတို့က ပင်လယ်နီမှ သင်္ဘောများကို တိုက်ခိုက်နေခဲ့သည်။
ထို့ပြင် အီရန်တို့နှင့်လက်တွဲထားသော ဟူသီတို့က အစ္စရေးဆီသို့ ဒုံးကျည်များဖြင့်လည်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း ယီမင်နိုင်ငံမှ အရေးပါသော ဟိုဒေဒါဆိပ်ကမ်းအပါအဝင် ဟူသီတို့ ထိန်းချုပ်ထားသော နယ်မြေများအား လေကြောင်းမှ တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။
ကြာသပတေးနေ့က တိုက်ခိုက်မှုများမှာ ဟူသီတို့အတွက် အထိနာစေသော ထိုးနှက်ချက်များဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က ယမန်နေ့တွင် ပြောကြားခဲ့ကာ ‘အစသာရှိသေးသည်’ ဟုလည်း သတိပေးပြောဆိုသည်။
ကြာသပတေးနေ့ တိုက်ခိုက်မှုတွင် ဒုံးကျည်တပ်ဖွဲ့များကို အဓိကကိုင်တွယ်သော ကာကွယ်ရေးဝန်ကြီး မိုဟာမက်အယ်လ်အာတီဖီ သေဆုံးသွားခဲ့သလားဆိုသည်ကို တိတိကျကျ မသိရသော်လည်း စွမ်းအင်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး နှင့် ပြန်ကြားရေးဝန်ကြီးတို့ သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ဟူသီထိပ်သီးခေါင်းဆောင် အဗ္ဗဒူလာမာလစ်အယ်လ်ဟူသီ ၏ မိန့်ခွန်းကို နားထောင်ရန် အစိုးရအဖွဲ့ခေါင်းဆောင်များ စုဝေးနေသောနေရာ အများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးလုံခြုံရေးသတင်းရင်းမြစ်များက ယမန်နေ့တွင် ပြောကြားခဲ့ကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
