◼ နိုင်ငံပေါင်းစုံဝါဒအပေါ် တရုတ်၏ ‌ထောက်ခံမှုမှာ အလွန်အရေးပါကြောင်း ကုလအတွင်း‌ရေးမှူးချုပ်ပြောကြား
နိုင်ငံပေါင်းစုံဝါဒအား ထိန်းသိမ်းစောင့်ရှောက်ရာ၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ အလွန်အ‌ရေးပါကြောင်း ယမန်နေ့က တရုတ်နိုင်ငံတွင်ပြုလုပ်သော လုံခြုံရေးဖိုရမ် ပြင်ပဆွေးနွေးမှုတစ်ရပ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က တရုတ်သမ္မတ ရှီကျင့်ဖျင်အား ပြောကြားသည်။
တရုတ်သည် ကုလသမဂ္ဂအတွက် ယုံကြည်စိတ်ချရသော လက်တွဲဖော်အဖြစ် အမြဲတမ်းရပ်တည်နေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှု နှင့် သေချာရေရာမှုလည်း ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဂူတာရက်စ်အား ပြန်ကြားခဲ့သည်။
မစ္စတာ ဂူတာရက်စ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO ) အစည်းအဝေးအတွက် တရုတ်မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် ၊ အာရှအလယ်ပိုင်း ၊ အရှေ့တောင်အာရှ ၊တောင်အာရှ ၊ အရှေ့အလယ်ပိုင်းဒေသမှခေါင်းဆောင်များသည် ရှီကျင့်ဖျင်နှင့်အတူ ကမ္ဘာတောင်ပိုင်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ပြသကြမည်ဖြစ်သည်။
“ နိုင်ငံပေါင်စုံဝါဒ တိုက်ခိုက်ခံနေရတဲ့ဒီလိုအချိန်မှာ တရုတ်နိုင်ငံရဲ့ထောက်ခံမှုဟာ ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ အလွန့်အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” ဟု မီဒီယာများသို့ ထုတ်ပြန်သော စာတွင် ဂူတာရက်စ်က ပြောကြားထားသည်။
တစ်ခါတစ်ရံ နားလည်ရခက်သော မူဝါဒပုံစံသစ်များကို မြင်တွေ့နေရကြောင်း ၊ယင်းမှာလည်း တစ်ခါတစ်ရံတွင် လေးနက်သောသံတမန်ရေးကြိုးပမ်းမှုမျိုးဆိုခြင်းထက် ဟန်ပြသက်သက်ပုံစံနှင့် ပိုတူပြီး မကြာခဏဆိုသလို နိုင်ငံရေး နှင့် စီးပွားရေးကို ရောယှက်ထားကြောင်း ဂူတာရက်စ်က ပြောကြားသည်။
နိုင်ငံပေါင်းစုံဝါဒ၏ အခြေခံကျသောမဏ္ဍိုင်တစ်ခုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး ယင်းအတွက်လည်း မိမိတို့ က အလွန်တန်ဖိုးထားပါကြောင်း အလွန်ကျေးဇူးတင်ရှိပါကြောင်း ဂူတာရက်စ်က ဆက်ပြောသည်။
ရှီကျင့်ဖျင်ကလည်း တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို ကတိပြုသည်။ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန်တရုတ်နိုင်ငံကလည်း စိတ်အားထက်သန်ပါကြောင်း ၊ ထို့အပြင် နိုင်ငံတကာရေးရာတွင် ကုလ၏ အလယ်ဗဟိုအခန်းကဏ္ဍကို ထောက်ခံကာ ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် ကြီးပွားတိုးတက်မှုတို့ကို မြှင်တင်ပေးရေးတာဝန်များကို ပူးတွဲထမ်းဆောင်ရန်လည်း တရုတ်က စိတ်အားထက်သန်ပါကြောင်း ရှီကျင့်ဖျင် က ဂူတာရက်စ်အား ပြောသည်။
Reuters
#နိုင်ငံတကာသတင်း

image