ဆိုဘိုဆလိုင်းရဲ့ လှပသပ်ရပ်တဲ့ ဖရီးကစ်ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ လီဗာပူး
အကြိတ်အနယ်ရှိခဲ့ပြီး (၂)သင်းလုံး အခွင့်အရေး များများစားစား မရခဲ့တဲ့ပွဲစဉ်မှာ ဆိုဘိုဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ်ဂိုးနဲ့အတူ လီဗာပူးက အရေးပါတဲ့ အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။ ရာသီစကတည်းက ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့ နိုင်ပွဲရနေခဲ့တဲ့ လီဗာပူးဟာ အခုပွဲမှာလည်း ပွဲချိန်(၈၃)မိနစ်မှာ ဂိုးရခဲ့တာဖြစ်ပြီး ဆိုဘိုဆလိုင်းရဲ့ဂိုးက ဒီပွဲရဲ့အဖြေ ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်အထိ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ လီဗာပူးဟာ ပွဲစဉ်(၃၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းတစ်ရပ်ကိလည်း ရရှိခဲ့ပါတယ်။
