1 ပတ် - ဘာသာပြန်ပါ။

ခံရတဲ့အပေါ်မှာ ဉာဏ်ရအောင်လုပ်
ကိလေသာတရားဆိုတာ လောကကြီးမှာ ကျော်တက်ရတာ ကျော်ဖြတ်ရတာ အခက်ခဲဆုံးပဲ။ အဲ့တော့ အသုဘကမ္မဌာန်းအထိရောက်အောင်သွား၊ အသုဘကမ္မဌာန်းအထိရောက်ဖို့က အရှူဈာန်ကောင်းအောင် ကျင့်ရတယ်။အရှူစျာန်ကောင်းရင် အသုဘမြင်မယ်၊ အသုဘမြင်လာရင် တရားဖြုတ်တာနဲ့ ၀စီပိတ်ကမ္မဌာန်းနဲ့ သွားရမယ်။စကားမပြောရဘူး ကိုယ်မြင်ထားတဲ့အသုဘနိမိတ်ကို တဒင်္ဂကနေ ဝိခမ္ဘန ဝိခမ္ဘနကနေသမုစ္ဆေဒဖြစ်သွားတဲ့အထိ ပွားနေရမယ်။
ဘယ်သူ့ကိုမှမကြောက်နဲ့၊ ကိုယ့်ကိလေသာကိုပဲ ကိုယ်ကြောက်၊ ကိုယ့်ကိလေသာကို ကိုယ်ကြောက်ပြီး ကိလေသာကိုနိုင်ချင်ရင် ဘာလုပ်ရမလဲ၊ တရားမှန်မှန်တက်ပြီး တရားကို သေချာကြိုးစား၊ ဘုန်းကြီးတရားကျင့်တုန်းကလဲ ဘယ်သူကိုမှမနိုင်ချင်ဘူး ကိလေသာကိုပဲနိုင်ချင်တာ၊ ကိလေသာကိုနိုင်ချင်တဲ့အခါကြတော့ ဘာလုပ်လဲ၊ တရားကြိုးစားတယ်။ တရားကို နည်းလမ်းမှန်အောင်ကျင့်တယ်။
တရားကျင့်တဲ့အခါမှာ နည်းလမ်းမှန်အောင်ကျင့်ရတယ်၊ ဥပမာ ဝေဒနာခဏ်းထိုင်တယ်၊ ဝေဒနာခဏ်းထိုင်တဲ့အခါမှာ ဣရိယာပုတ်ကို တိတိကျကျထိုင် သည်းခံပြီးဉာဏ်ဖြစ်အောင်ရှူရတယ်၊ ဝေဒနာရှူတဲ့အခါမှာ ဣရိယာပုတ်ကို တိတိကျကျထိုင်ရတယ်၊ လှုပ်လို့မရဘူး၊ပြင်လို့မရဘူး၊ လှုပ်နေပြင်နေရင် ဉာဏ်နဲ့ဝေးသွားမယ်။တိတိကျကျထိုင်ပြီးရှုရင်တော့ ဉာဏ်ဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် ပေါ်လာမှာပဲ။
သူ့အချိန်တန်ရင် ဉာဏ်ကပေါ်လာမှာပဲ၊ ဒါပေမယ့် ထိုင်တဲ့အခါ နည်းစနစ်မှန်အောင် ထိုင်ရတယ်၊ နည်းစနစ်ဆိုတာ သိအောင်ပြင်တာရှိတယ် မသိအောင်ပြင်တာရှိတယ်၊ သိအောင်ပြင်တာကတော့ သူများမြင်တယ်၊ မသိအောင်မြင်တာကြတော့ သူများမသိဘူး၊ အဲ့ဒါက တော်တော်သတိထားရမယ့်အချက်ပဲ။ ဉာဏ်ကို ဘာက တားထားလဲဆိုတော့ ဣရိယာပုတ်က တားထားတယ်၊ ဘယ်အချိန်တားလဲဆိုတော့ ပြင်လိုက်တဲ့အချိန်တားသွားတယ်၊ ဉာဏ်မပေါ်နိုင်တော့ဘူး။ ဒါကြောင့် စိတ်ရှည်ရှည်ရှည်နဲ့ ကိုယ့်ဝေဒနာအပေါ်မှာ ဉာဏ်ဖြစ်အောင်ရှု။ ကြိုးစား အသုဘတွေ။ သေချာကြိုးစား၊ သေချာအားထုတ်၊ စပြီးထိုင်ကတည်းကနေ နာရီပြည့်တဲ့အထိ အာနာပါနကိုအားကိုးပြီးထိုင်။
တရားက လျော့တိလျော့ရဲလုပ်လိုမရဘူး၊ တိတိကျကျနဲ့သေချာအားထုတ်။ ဝေဒနာတွေတက်လာရင် သည်းခံပြီးတော့ ဉာဏ်ရအောင် နှလုံးသွင်း။ တကယ်ဆင်းရဲတဲ့ခန္ဓာကြီးပါလား၊ တကယ်ဒုက္ခခန္ဓာကြီးပါလား၊ နောက်ကိုလဲ ဒီခန္ဓာပြန်ရရင် ဒုက္ခတွေပဲပြန်ရမှာပါလားလို့ ပစ္စုပ္ပန်ခံစားနေရတဲ့ဝေဒနာပေါ်ကနေ အမှန်မြင်အမှန်သိပြီးတော့ နောက်ကို ဒီလိုဒုက္ခမျိုးတွေ မလိုချင်အောင် မဖြစ်ချင်အောင် ကြိုးစား။
ဒီလို ဒုက္ခခန္ဓာမျိုးကနေ လွတ်မြောက်ဖို့ဆိုတာ တရားတစ်ခုပဲရှိတယ်။ သတိပဌာန်တရားလေးပါးက လွဲလို့ နိဗ္ဗာန်ရောက်ကြောင်း မရှိဘူးတဲ့။ တရားဆိုတာ အားထုတ်ရင်း သိလာတယ်၊ သိလာလေလေ ပိုပြီးအားထုတ်လေလေပဲ။ အားထုတ်မှသိမယ့်တရားမို့ ကျန်းမာတုန်းမှာ ကြိုးစား။ မကျန်းမာတဲ့ခန္ဓာကိုယ်မျိုးဆိုတာ အချိန်တန်ရင်ဖြစ်လာမှာ အဲ့ဒီအခါကြတော့ တရားအားထုတ်လို့ မရတော့ဘူး။
ဒါကြောင့်မို့ ကျန်းမာတုန်း၊ အဖော်ကောင်းတွေရှိတုန်း၊ပြပေးမယ့်ဆရာသမားရှိတုန်း၊ တရားစခန်းနဲ့လည်းကြုံတုန်း သေသေချာချာ တိတိကျကျနဲ့ ကြိုးစားအားထုတ်ထားကြ။ အရေးကြီးတာက တရားထိုင်တဲ့အချိန်မှာ ကိုယ့်အာနပါနကိုအားကိုး၊ အရှူနဲ့ ဝေဒနာလိုက်၊ အရှူနဲ့ အသုဘနှလုံးသွင်း....။
📌 တွံတေးသဲအင်းဂူဆရာတော်ဘဒ္ဒန္တဝေပုလ္လ
✍️ အရှင်ဝိသုဒ္ဓ(ကျောက်လုံးကြီးတောရ)
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image