#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်၌ ရေဘေးကြောင့် လမ်းပျက်စီးမှုတန်ဖိုး ဒေါ်လာ နှစ်ဘီလီယံကျော်ရှိ
တရုတ်နိုင်ငံတစ်ဝန်း၌ လွန်ကဲပြင်းထန်စွာ မိုးရွာသွန်းမှုများကြောင့် လမ်းများပျက်စီးဆုံးရှုံးရမှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၁၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ) အထိရှိကြောင်း တရုတ်အစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရေဘေးရာသီ စတင်ချိန်မှစ၍ တရုတ်နိုင်ငံအနီးရှိ ပြည်နယ်၊ ဒေသနှင့် မြူနီစီပယ်ဒေသပေါင်း ၂၃ ခုတို့၌ လမ်းများပျက်စီးဆုံးရှုံးခဲ့ရမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံအထိရှိခဲ့ကြောင်း တရုတ် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရေဘေးရာသီသည် ဇူလိုင် ၁ ရက်တွင် တရားဝင် စတင်လေ့ရှိပြီး နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ မိုးရေချိန်စံချိန်တင် ရရှိလေ့ရှိသော ရာသီဖြစ်သည်။
လက်ရှိအချိန်ထိ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ရေဘေးအတွက် ပျက်စီးခဲ့ရသည့်လမ်းများအား ပြင်ဆင်ရန် သက်ဆိုင်ရာဌာနများသို့ တရုတ်ယွမ် ငွေ ၅ ဒသမ ၈ ဘီလီယံ ထုတ်ပေးထားရပြီးဖြစ်သည်။ ယခုနှစ် ဇွန်လတစ်လတည်းမှာပင် သဘာဝကပ်ဘေးအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာမှုယွမ်ငွေ ၅၂ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း သိရသည်။
ရိုက်တာ

image