ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံလိုတယ်လို့ ထရမ့်ပြော
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ရဲ့ အိမ်ဖြူတော် ခရီးစဉ်မှာ ထရမ့်က အခုလို ပြောဆိုခဲ့တာပါ။ အမေရိကန်ရဲ့ အဓိက အာရှ မဟာမိတ် နိုင်ငံကို ဦးဆောင်နေသူ လီဟာ ဩဂုတ် ၂၅ ရက်နေ့က ထရမ့်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
လီဟာ ကိုရီးယား နှစ်နိုင်ငံကြားက ပျက်စီးနေတဲ့ ဆက်ဆံရေး အခြေအနေကို ပြန်လည် ပြင်ဆင် ကုစားနိုင်ဖို့ လက်တွေ့ အားထုတ်နေသူပါ။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ တောင်ပိုင်းက ပြိုင်ဘက်နိုင်ငံနဲ့ ပြန်လည် သင့်မြတ်ဖို့ ဆန္ဒမရှိကြောင်း ပြောကြားထားပါတယ်။
ထရမ့်က ဖြစ်နိုင်မယ်ဆိုရင် သူဟာ ဒီနှစ်ထဲမှာတင် ကင်မ်နဲ့ လူချင်းတွေ့ဖြစ်ချင်တယ်လို့ လီကို ပြောကြားခဲ့ပါတယ်။ ဒါမှမဟုတ်လည်း အနာဂတ်မှာ သင့်တော်တဲ့ အချိန်အခါ တစ်ခုခုရောက်ရင် အဲဒီလို တွေ့ဆုံမှု အထမြောက်ချင်တယ်လို့ ထရမ့်က ဆိုပါတယ်။
ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက တောင်ကိုရီးယားမှာ သမ္မတအဖြစ် တာဝန်ယူနေသူ မွန်းဂျေအင်းရဲ့ ကြားဝင် ညှိနှိုင်းပေးမှုအရ ကင်မ်နဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းက ထိပ်သီး ဆွေးနွေးပွဲအဆင့်အဖြစ် နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် နှစ်ဖက် ဆွေးနွေးမှုတွေဟာ ရှေ့ဆက် တိုးတက်မလာဘဲ ရပ်တန့်သွားခဲ့ပါတယ်။
ထရမ့်နဲ့ လီတို့ဟာ လက်ရှိ ရယူထားတဲ့ သမ္မတသက်တမ်း အသီးသီးမှာတော့ သူတို့ချင်း ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု မူဝါဒ အသစ်တွေနဲ့ ပတ်သက်လို့ နှစ်ဖက်ကြား ခက်ခက်ခဲခဲ ညှိနှိုင်းပြီးတဲ့နောက် ဇူလိုင်လမှာ သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယား စွမ်းအင်အရေး၊ စစ်အသုံးစရိတ် သတ်မှတ်ရေး၊ ကုန်သွယ်ရေး သဘောတူညီမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေ ညှိနှိုင်းရေးလို တခြား မပြီးပြတ်သေးတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန်မှာ လီက ထရမ့်ကို ကင်မ်နဲ့ ဆွေးနွေးပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ ထရမ့်ရဲ့ ကိုယ်ပိုင် ဂေါက်ကွင်းတစ်ခု တည်ဆောက်နိုင်ဖို့လည်း သူမျှော်လင့်ကြောင်း၊ ဒါမှ အဲဒီမှာ သူလည်း ဂေါက်သွားရိုက်နိုင်မှာ ဖြစ်ကြောင်း၊ ထရမ့်ကိုယ်တိုင်ကလည်း သမိုင်းတွင်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ တစ်ဦးဖြစ်လာနိုင်ကြောင်း လီက ဆိုပါတယ်။ အဲဒီနောက် ထရမ့်က သူလည်း ကင်မ်နဲ့ တွေ့ဖို့ စိတ်ကူးရှိတယ်လို့ တုံ့ပြန်ခဲ့တာပါ။
တောင်ကိုရီးယားရဲ့ စီးပွားရေးနဲ့ လုံခြုံရေး ကဏ္ဍတွေဟာ အမေရိကန်အပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။ ထရမ့်က တောင်ကိုရီးယားဟာ အမေရိကန် တပ်တွေရဲ့ အကာအကွယ်ကို ရယူထားပေမယ့် သင့်တော်တဲ့ စရိတ်ပေးချေမှု မရှိဘဲ အမြတ်ထုတ်နေတယ်လို့ စွပ်စွဲထားပါတယ်။
သူနဲ့လီတို့ မျက်နှာချင်းဆိုင် တွေ့ဆုံချိန်မှာတော့ အပြန်အလှန် ချီးမြှောက်ပြောဆိုတာတွေပဲ များနေခဲ့ပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေကိုတော့ မီဒီယာတွေရှေ့မှာ ထုတ်မပြောခဲ့ကြပါဘူး။ ထရမ့်က တောင်ကိုရီးယားမှာ အမေရိကန် စစ်စခန်း တည်ဆောက်ထားတဲ့ မြေကို အမေရိကန်က ပိုင်ဆိုင်ခွင့်ရရေးကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားကိစ္စတွေကို အနည်းအကျဉ်း ပြောခဲ့ပေမယ့် လီကတော့ အသေးစိတ်တွေကို သီးသန့် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ပဲ ပြောကြားသွားပါတယ်။
#crd
