တိုင်ဖွန်း Kajiki ဗီယက်နမ် အလယ်ပိုင်းသို့ဝင်ရောက် လူအချို့သေဆုံး

တိုင်ဖွန်းမုန်တိုင်း Kajiki သည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသကို ဩဂုတ် ၂၅ ညနေပိုင်းက ဝင်ရောက်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တစ်နာရီလျှင် ၁၃၀ ကီလိုမီတာကျော် တိုက်ခတ်သည့် လေပြင်းများကြောင့် သေဆုံးသူအချို့ရှိခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။
ဗီယက်နမ်သို့ ယခုနှစ်အတွင်း ၅ ခုမြောက်အဖြစ် ဝင်ရောက်ခဲ့သည့် တိုင်ဖွန်း Kajiki သည် ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်တွင် ကမ်းခြေသို့မဝင်ရောက်မီ Tonkin ပင်လယ်ကွေ့၌ ၉ မီတာခွဲ မြင့်သော လှိုင်းလုံးများဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းဝင်ရောက်သည့် လမ်းကြောင်းပေါ်ရှိ ပင်လယ်ပြင်မှ ငါးဖမ်းလှေများအားလုံးကို ဆိပ်ကမ်းသို့ ပြန်ကပ်ခဲ့ပြီး စစ်တပ်အင်အား ၁၆,၀၀၀ ကို အသင့်အနေအထားထားရှိကာ လူပေါင်း ၄၄,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
မုန်တိုင်းသည် Ha Tinh နှင့် Nghe An ပြည်နယ်များကြား ကမ်းခြေဝင်ရောက်ခဲ့ရာ ပြည်တွင်းလေဆိပ် ၂ ခုကို ပိတ်ထားခဲ့ရသလို လေကြောင်းခရီးစဉ် ၃၅ ခုကို ဖျက်သိမ်းခဲ့ရကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
“ဒီလောက်ပြင်းတဲ့လေကို တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးပါဘူး” ဟု အသက် ၃၈ နှစ်အရွယ် ငုယင်ထီဖောင်က AFP သတင်းဌာနသို့ ပြောသည်။ ၎င်းနေထိုင်သည့် Nghe An ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဗင်မြို့တွင်လည်း မုန်တိုင်းဝင်ခဲ့သည့်ညက လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သေဆုံးသူတစ်ဦးရှိပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်လာချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၈ ကီလိုမီတာမှ ၁၃၃ ကီလိုမီတာကြားရှိကြောင်း ဗီယက်နမ် မိုးလေဝသနှင် ဇလဗေဒဌာနက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်အလယ်ပိုင်းတွင် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် တိုင်ဖွန်း Kajiki သည် အားပျော့သွားကာ လာအိုသို့ရွေ့လျားပြီး ဩဂုတ် ၂၆ ရက် ညနေတွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ အားကောင်းသော ဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံ နန်ပြည်နယ်အပါအဝင် အခြားမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၁၅ ခုတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများအတွက် အထူးသတိပေးချက် ထုတ်ပြန်ထားသည်။
နန်နှင့်ယွမ် မြစ်ဝှမ်းများတွင် ကြီးကြီးမားမား ရေတက်လာနိုင်ပြီး အရေးပေါ်ပြင်ဆင်မှုများ၊ ကယ်ဆယ်ရေး အစီအစဉ်များနှင့် စစ်ဆင်ရေးတစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များက နှိုးဆော်ထားသည်။
#နိုင်ငံတကာသတင်း #crd
#ဗီယက်နမ် #ကာဂျီကီ #တိုင်ဖုန်းမုန်တိုင်း #ရေကြီး #မြေပြို
ပုံစာ − တိုင်ဖွန်းမုန်တိုင်း Kajiki ဝင်ရောက်တိုက်ခတ်ရာမှ ပျက်စီးသွားသည့် အဆောက်အုံများနှင့် လူနေအိမ်များကိုတွေ့ရပုံ။ (ဓာတ်ပုံ − EPA)

image