AirAsia ရဲ့ ခရီးသည်တင်လေယာဉ် ပျံသန်းနေစဉ် အင်ဂျင်မီးလောင်လို့ အရေးပေါ်ဆင်းသက်ခဲ့ရ
အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းကိုသွားမယ့် AirAsia လေယာဉ်တစ်စင်းဟာ ဩစတြေးလျနိုင်ငံ Perth ကနေ ထွက်ခွာပြီး မကြာခင်မှာပဲ အင်ဂျင်ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။
လေယာဉ်ခရီးစဉ် QZ545 ဟာ တနင်္ဂနွေနေ့ (ဩဂုတ်လ ၂၄ ရက်)ညနေ ၆ နာရီခွဲမှာ Perth ကနေ ဘာလီကျွန်းကို ထွက်ခွာခဲ့တာဖြစ်ပေမဲ့ အင်ဂျင် မီးလောင်တဲ့အတွက် အိန္ဒိယသမုဒ္ဒရာပေါ်မှာ လမ်းကြောင်းလွှဲခဲ့ပြီး Rottnest ကျွန်းပေါ်မှာ ပတ်ဝဲခဲ့ပါတယ်။ လေယာဉ်ကို ဘေးကင်းတဲ့အလေးချိန်နဲ့ ဆင်းသက်နိုင်ဖို့အတွက် ဆီတွေကို လောင်ကျွမ်းစေခဲ့ပြီးနောက် တစ်နာရီအကြာမှာပဲ မူလ Perth လေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ လေယာဉ်ရဲ့ ခရီးသည်ခန်းထဲက မီးတွေအားလုံး ပိတ်သွားခဲ့ပါတယ်။
လေယာဉ်ပျံသန်းနေစဉ် အင်ဂျင်ကနေ မီးတောက်တွေ ထွက်လာတာကို မြင်တွေ့ခဲ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ “ပထမတော့ လျှပ်စီးလက်တယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်တို့က အရေးပေါ်ထွက်ပေါက်တန်းမှာ ထိုင်နေတာဆိုတော့ အကုန်လုံးကို သေချာမြင်ခဲ့ရတယ်။ ပေါက်ကွဲသံလိုမျိုး ‘ဘောင်း’ ဆိုပြီး ကြားလိုက်ရတယ်၊ ပြီးတော့ ပေါက်ကွဲမှုပုံစံနဲ့ မီးတောက်တွေကိုပါ မြင်ခဲ့ရတယ်။” လို့ ခရီးသည်တစ်ဦးက 9News ကို ပြောပါတယ်။
လေယာဉ်ဟာ Perth လေဆိပ်ကို ဆင်းသက်ချိန်မှာ မီးသတ်ကားတွေက အသင့်စောင့်ကြိုနေခဲ့ပါတယ်။ Perth လေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ခရီးသည်တွေ အတွက် ခရီးစဉ်တွေ ပြန်လည်စီစဉ်ပေးခဲ့ပါတယ်။” လို့ ပြောပါတယ်။
#crd